အုတ်တွင်းမြို့နယ် သာသနာထိန်း အရှင်တေဇသည် ကိစ္စတစ်ခုဖြင့် တောင်ငူသို့အသွား အုတ်တွင်းမြို့ ရထားသံလမ်းကုန်းအနီးတွင် အလှူခံဖြတ်ပိုင်းများဖြင့် အလှူခံနေသော သင်္ကန်းဝတ်တစ်ပါးကို တွေ့ရှိခဲ့ပါတယ်။ ထိုသူအား မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးထံသို့ ခေါ်ဆောင်၍ စနစ်တကျ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပါတယ်။
မြတ်စောညီနောင်ဘက်မှဟုဆိုကာ အလှူခံနေသည့် ထိုသူကို စိစစ်ရာတွင်-
ရဟန်းစစ်စစ်မဟုတ်ဘဲ ဝတ်ကြောင်မှ ကိုရင်ကြီးဝတ်ထားသူဖြစ်ခြင်း။
မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ပင်စင်စားတစ်ဦး ဖြစ်နေခြင်း။၎င်းထံမှ အလှူခံရရှိငွေ (၇၉,၆၅၀) ကျပ်၊ အကိုက်အခဲပျောက်ဆေးများနှင့်အတူ ချဲထိုးထားသည့် ဘောင်ချာများ နှင့် ဖုန်းအတွင်း မသင့်လျော်သော ဆက်သွယ်မှုများ ကိုပါ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်
အရေးယူ ဆောင်ရွက်မှု
မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ကြီးမှ ထိုသူမှာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်ခြင်း၊ မိသားစု အားကိုးရာမဲ့နေနိုင်ခြင်းတို့ကို ကရုဏာရှေ့ထား ထောက်ထားညှာတာသောအားဖြင့် ပြင်းထန်စွာ အရေးယူခြင်းမပြုဘဲ နောက်နောင်တွင် ယခုကဲ့သို့ မပြုလုပ်ရန် ဆုံးမဩဝါဒပေးကာ ခံဝန်ကတိလက်မှတ် ရေးထိုးစေခဲ့ပါတယ်။
၎င်းထံမှ သိမ်းဆည်းရမိသော အလှူခံငွေများ၊ ဖုန်းနှင့် အသုံးအဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်ကာ အုတ်တွင်းမြို့နယ်အတွင်းမှ နှင်ထုတ်ခြင်းဖြင့် သာသနာရေးဆိုင်ရာ ထိန်းသိမ်းမှုများကို ဆောင်ရွက်ခဲ့ပါတယ်။



