၂၀၂၆ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲဝင်မယ့် မြန်မာဖူဆယ်လက်ရွေးစင်အသင်းဟာ မနက်ဖြန် (ဧပြီ ၅) မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ပြိုင်ပွဲကျင်းပမဲ့ နောသန်ဘူရီမြို့ဆီကို ထွက်ခွာမှာ
ဖြစ်ပါတယ်။မြန်မာဖူဆယ်လက်ရွေးစင်အသင်းဟာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကတည်းက ၂၀၂၆ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို စောစီးစွာသွားရောက်လေ့ကျင့်နေခဲ့တာဖြစ်ပါတယ်။ မြန်မာဖူဆယ်လက်ရွေးစင်အသင်းနည်းပြဖြစ်သူ ထိုင်းနိုင်ငံသား ပတ္တရားပီယာကမ်ဟာ ၂၀၂၆ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ကစားသမား (၁၇) ဦးကို ခေါ်ဆောင်သွားခဲ့ပါတယ်။မြန်မာဖူဆယ်လက်ရွေးစင်အသင်းဟာ ၂၀၂၆ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (A) မှာ အိမ်ရှင်ထိုင်း၊ ဗီယက်နမ်၊ တီမောအသင်းတို့နဲ့အတူ ကျရောက်နေပြီး တစ်ဖက်အုပ်စု (B) မှာ အင်ဒိုနီးရှား၊ သြစတြေးလျ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းအသင်းတို့ ပါဝင်နေပါတယ်။ ပြိုင်ပွဲပထမအဆင့်အနေနဲ့ အုပ်စုပတ်လည် ယှဥ်ပြိုင်ကစားကြရမှာဖြစ်ပြီး အုပ်စုတစ်ခုစီက ထိပ်ဆုံးရပ်တည်မှုရ နှစ်သင်းစီ ပေါင်း (၄) သင်းက ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ နောသန်ဘူရီမြို့မှာ ဧပြီ (၆) ရက်ကနေ (၁၂) ရက်အထိ ကျင်းပပြုလုပ်မှာ
ဖြစ်ပါတယ်။နောက်ဆုံးပြိုင်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ကျင်းပခဲ့ပြီး မြန်မာဖူဆယ်လက်ရွေးစင်အသင်းဟာ အုပ်စုတွင်းမှာ ကမ္ဘောဒီးယားကို (၅-၄) ဂိုးနဲ့အနိုင်ရပြီး သြစတြေးလျနဲ့ (၃-၃) ဂိုးစီသရေကျကာ အင်ဒိုနီးရှားကို (၁-၅) ဂိုးနဲ့ ရှုံးနိမ့်ပြီး အုပ်စုကနေ ထွက်ခဲ့ရပါတယ်။



