၂၀၂၇ ခုနှစ်အတွက် ကာကွယ်ရေး ဘက်ဂျက် ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ ခွင့်ပြုပေးရေး အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က လွှတ်တော်အမတ်တွေကို ဧပြီ ၃ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် အမေရိကန်အတွက် ကုန်ကျစရိတ်တွေနဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ကတိကဝတ်တွေ ပိုများလာနေပါတယ်။တောင်းခံအဆိုပြုထားတဲ့ ဘက်ဂျက် ပမာဏအရဆိုရင် ပင်တဂွန်ရဲ့ တစ်နှစ်တည်း အတွက် အသုံးစရိတ်ဟာ ၄၀ ရာခိုင်နှုန်း ပိုများလာမယ့် သဘော ဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန် စစ်တပ်အတွက် သိသိသာသာ ပိုများလာမယ့် အသုံးစရိတ်လည်း ဖြစ်ပါတယ်။အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ကုန်ဆုံးသွားတဲ့ လက်နက်တွေ ပြန်လည် ဖြည့်တင်းရေးနဲ့ စစ်ဆင်ရေးတွေ ရေရှည် ပြုလုပ်နိုင်ရေး ကြိုးပမ်းနေပါတယ်။ဒီလို ဘက်ဂျက် တောင်းဆိုမှုက အခုအချိန်မှာ သီတင်း ငါးပတ်ထဲ ဝင်ရောက်လာနေပြီ ဖြစ်တဲ့ အီရန် စစ်ပွဲအတွက် အမေရိကန် စစ်တပ်မှာ ဘဏ္ဍာရေးဆိုင်ရာ ဖိအား ရှိနေကြောင်း မီးမောင်းထိုးပြသနေပါတယ်။အီရန်စစ်ပွဲဟာ တစ်ရက်ကို အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ကုန်ကျနိုင်ကြောင်း လွှတ်တော် တံခါးပိတ် ဆွေးနွေးမှုမှာ ပါဝင်ခဲ့တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။စစ်ရေး အသုံးစရိတ် တိုးမြှင့်မှာ ဖြစ်တဲ့အတွက် ထရန့် အစိုးရက ကာကွယ်ရေး မဟုတ်တဲ့ အသုံးစရိတ် ဒေါ်လာ ၇၃ ဘီလီယံ လျှော့ချထားပါတယ်။



