လုပ်ငန်းခွင်ထဲ ထိခိုက်မှုဖြစ်ပြီး သေဆုံးသွားခဲ့တဲ့ ကိုစန်းယုရဲ့ ရုပ်အလောင်းကို တောင်ကိုရီးယား နိုင်ငံမှာပဲ သင်္ဂြိုဟ်သွားမယ်လို့ ကိုရီးယားရောက် မြန်မာအသိုက်အဝန်းဆီက သိရပါတယ်။ ကိုစန်းယုဟာ မတ် ၂၄ ရက်က လုပ်ငန်းခွင်ထဲ မတော်တဆ စက်ညပ်ခဲ့တဲ့ဒဏ်ရာကြောင့် သေဆုံးကြောင်း ကနဦး ယူဆခံရပြီးနောက် အသက်ပြန်ရှူလာတဲ့အတွက် မိသားစုနဲ့ ရင်းနှီးသူတွေ က ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်ထားခဲ့ကြပေမဲ့ မတ် ၂၉ ရက်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ထိခိုက်မှုကြောင့် ဦးခေါင်းဒဏ်ရာ ပြင်းထန်ခဲ့တဲ့အတွက် သတိပြန်မလည်တော့ဘဲ မကွယ်လွန်ခင် အချိန်အထိ အောက်စီဂျင်ပေးထားရတယ်လို့ သွားရောက်ကူညီပေးခဲ့သူတွေက ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အရေးကိစ္စ ကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က “ရုပ်အလောင်းကို ဧပြီ ၄ ရက်မှာ ကိုရီးယားနိုင်ငံ၊ ဟွာဆောင်မြို့၊ ဟမ်ဘက်ဆန် သုသာန်မှာ မီးသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်” လို့ အသိပေးထားပါတယ်။ ကိုစန်းယုဟာ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ကဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဇနီးနဲ့ ကလေး ၂ ယောက် ကျန်ခဲ့ပါတယ်။



