မြေပဲဆံဈေး ဆက်တိုက်မြင့်တက်လာမှုနှင့်အတူ မြေပဲဆီဈေးနှုန်းနှင့် ပဲဖတ်ဈေးနှုန်းများ စံချိန်တင် မြင့်တက်လာနေကြောင်း မြေပဲကုန်သည်များနှင့် မြေပဲဆီ ရောင်းဝယ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။နယ်အစုံမှ မြေပဲဆံ အထွက်နှုန်းလျော့ကျပြီး ရောင်းလိုအားနည်းချိန်တွင် ပြည်ပမှ ဝယ်လိုအားရှိခြင်း ပြည်တွင်းဆီစက်ပိုင်များက ဝယ်လိုအားရှိခြင်းနှင့် ပဲဖတ်ဈေး တက်လာခြင်းစသည့် အခြေအနေများကြောင့် ဈေးကွက်မှာ အတက်ဘက်တွင်သာ ရှိနေခြင်းဖြစ်သည်။လက်ရှိတွင် မြေပဲဆီတစ်ပိဿာလျှင် ဆုံကြိတ်ဆီ (၁၀ ပိဿာဝင်) တစ်ပုံးလျှင် ၂၉၀,၀၀၀ ကျပ်အထိ ဈေးနှုန်းရှိလာပြီး မြေပဲစက်ကြိတ်ဆီမှာ ၂၄၀,၀၀၀ ကျပ်မှ ၂၆၀,၀၀၀ ကျပ်အထိ ဈေးနှုန်းရှိနေကြောင်း သိရသည်။"မြေပဲဆံက ဝယ်ရခက်ပြီး ဈေးကတက်နေတယ်။ ထပ်တက်ဦးမယ်လို့လည်း သိရတယ်။ ဈေးတွေတက်တော့ ဆီရောင်းရတာ မကိုက်ဘူး။ ပဲဖတ်ဈေးက တက်နေလို့သာ တော်သေးတယ် ပြောရမယ်" ဟု မြေပဲဆီ ရောင်းချသူတစ်ဦးက ပြောသည်။



