ထိုင်းနိုင်ငံသို့ မြန်မာတက္ကသိုလ်ကျောင်းသားများ ရွှေ့ပြောင်းဝင်ရောက်မှုမှာ ၂၀၂၁ ခုနှစ် မတိုင်မီကထက် ၆ ဆခန့် ပိုမိုမြင့်မားလာကြောင်း အစီရင်ခံစာသစ်တစောင်အရ သိရသည်။ထိုင်းနိုင်ငံ၏ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများသို့ တက်ရောက်ရန် စာရင်းပေးသွင်းသည့် မြန်မာကျောင်းသား အရေအတွက်မှာ ယခင်က တနှစ်လျှင် ၂,၅၀၀ မှ ၂,၈၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၁၇,၀၀၀ ကျော်အထိ မြင့်တက်လာကြောင်း အဆိုပါလေ့လာမှုက ဖော်ပြသည်။ဘရစ်စတောတက္ကသိုလ် (University of Bristol) မှ သုတေသနပညာရှင် ဒေါက်တာ ညီညီကျော်နှင့် ချင်းမိုင်တက္ကသိုလ်မှ ကထိက ဒေါက်တာ သိရဒါ ခေမနိတ္ထာထိုင်း (Dr. Sirada Khemanitthathai) တို့ ပူးတွဲရေးသားသည့် ဤသုတေသနကို Hanns‑Seidel‑Stiftung နှင့် ချူလာလောင်ကွန်းတက္ကသိုလ်ရှိ Nelson Mandela Centre တို့က ထုတ်ဝေခဲ့ခြင်းဖြစ်သည်။မြန်မာကျောင်းသားများအတွက် ထိုင်းနိုင်ငံသည် ပညာရေးအရည်အသွေး၊ ပညာသင်ဆု အခွင့်အလမ်းနှင့် ဈေးနှုန်း သက်သာခြင်း စသည့် အချက် ၃ ချက်ကြောင့် ဆွဲဆောင်မှုရှိနေခြင်းဖြစ်သည်။ဤအခြေအနေသည် မြန်မာနိုင်ငံအတွက် "ဦးနှောက်ယိုစီးမှု" အကျပ်အတည်းဖြစ်သော်လည်း ထိုင်းနိုင်ငံအတွက်မူ ကျွမ်းကျင်လုပ်သားအရင်းအမြစ်များ ရရှိနိုင်မည့် အခွင့်အလမ်းဖြစ်ကြောင်း သုတေသီများက ထောက်ပြထားသည်။
| 11 | 0 | 0 | 0 |


