ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တွေမှာ စားအုန်းဆီစျေးဟာ တပိဿာကို ကျပ် ၁၈၀၀၀ ဝန်းကျင်ထိ စျေးတက် နေပြီး တချို့ကျေးရွာတွေမှာ ဝယ်ရခက်ပြီး ပစ္စည်းပြတ်နေပါတယ်။စားအုန်းဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားတဲ့ စားအုန်းဆီ ရည်ညွှန်းစျေးဟာ တပိဿာကို ကျပ်ရှစ်ထောင်ဝန်းကျင်သာ ဖြစ်ပေမယ့် ပြင်ပဆိုင်တွေမှာ ကျပ် ၁၈,၀၀၀ ထိ စျေးတင် ရောင်းနေကြတာပါ။“စာအုပ်နဲ့ ဝယ်ရင် ရှစ်ထောင်၊ အပြင်ဆိုင်တွေမှာ ၁၆,၀၀၀၊ ၁၈,၀၀၀ ပေးရတယ်။ အခုကတော့ ဝယ်လို့မရဘူး ပြတ်နေတယ်။ စျေးကြီးတာက စားအုန်းဆီ သိပ်မဝင်ဘူးပြောတယ်။ ပြီးရင် ဆီစျေးတွေတက်လို့ စရိတ်ကြီးတာကြောင့်လို့ ပြောကြတာပဲ” လို့ ဧရာ၀တီတိုင်း ဇလွန်မြို့နယ်မှ အိမ်ရှင်မတဦးဖြစ်တဲ့ ဒေါ်ကြည်က ပြောပါတယ်။ဧရာ၀တီတိုင်းအတွင်းမှာ စားအုန်းဆီတပိဿာကို ကျပ် ၁၂,၀၀၀ ဝန်းကျင်သာ စျေးရှိခဲ့ရာကနေ မတ်လလယ်ကနေစပြီး စျေတွေတဟုန်ထိုး တက်သွားခဲ့တာပါ။ အဲဒီလို စျေးတွေတက်သွားတာဟာ စက်သုံးဆီ စျေးတက်တာရဲ့ နောက်ဆက်တွဲ သယ်ယူပို့ဆောင်ရေးစရိတ်ကြီးတာအပြင် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ အပြင်ထုတ်ရောင်းမှုကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။



