မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြိုနယ် ပုဂံဒေသထွက် မြန်မာ့လက်မှုအနုပညာ ယွန်းထည်ပစ္စည်းတွေကို ပြည်ပဧည့်သည်တွေသာမက ပြည်တွင်း ခရီးသွားဧည့်သည်တွေလည်း စိတ်ဝင်စားမှု မြင့်တက်နေကာ ပြည်တွင်း ဝယ်လိုအားကြောင့် ယွန်းထည်လုပ်ငန်းရှင်တွေ အဆက်မပြတ် ပြန်လည်လုပ်ကိုင်နေတယ်လို့ ယွန်းထည်လုပ်ငန်း ရှင်တစ်ဦးဖြစ်တဲ့ ဦးဘငြိမ်းဆီကနေ သိရပါတယ်။ယွန်းထည်လုပ်ငန်းဟာ မြန်မာ့လက်မှုအနုပညာစစ်စစ်ဖြစ်ပြီး အင်မတန် အနုစိတ်လုပ်ကိုင်ရတဲ့ လုပ်ငန်းဖြစ်ပါ တယ်။ ယွန်းပစ္စည်းအမျိုးပေါင်း တစ်ရာကျော်ရှိပြီး ယွန်းလုပ်ငန်းရှင်တွေ အများဆုံး ပြုလုပ်တာကတော့ ယွန်း လက်ဖက်အစ်နဲ့ ယွန်းဆွမ်းအုပ်တွေ ဖြစ်ပါတယ်။ မြန်မာတွေဟာ ပုဂံခေတ်ကနေ ကုန်းဘောင်ခေတ်နှောင်းပိုင်း အထိ ယွန်ထည်အမျိုးမျိုးသာ အသုံးပြုခဲ့ကြတာပါ။ပလိုခေါ် ငါးဆင့်ပလိုဆွမ်းအုပ်တွေနဲ့ ယနေ့တိုင် ရွှေစည်းခုံ ဘုရားပွဲ၊ အာနန္ဒာဘုရားပွဲ၊ ငှက်ပစ်တောင်ဘုရားပွဲ၊ တုရင်တောင်ဘုရားပွဲ၊ ကန်တော့ပလ္လင်ဘုရားပွဲတွေနဲ့ မကွေး တိုင်းဒေသကြီး ချောက်မြို့နယ် စလေမြို့ ရှင်ပင်စာ ကြိုလှ ဘုရားပွဲတွေမှာ ယွန်းပလို(ငါးဆင့်)ပါ ဆွမ်းအုပ်ကြီး တွေနဲ့ ဆွမ်းတော်တွေ လောင်းလှူနေကြဆဲ ဖြစ်ပါတယ်။



