တနင်္သာရီတိုင်း၊ထားဝယ်မြို့တွင် မော်တော်ယာဉ်များအား စက်သုံးဆီထည့်ခွင့်ပြုသည့်အချိန် ပြောင်းလဲသတ်မှတ်လိုက်ပြီးနောက် ညလုံးပေါက် တန်းစီနေကြရကြောင်း မြို့ခံအချို့က ပြောသည်။ နံနက် ၆ နာရီတွင် စတင်ထုတ်ပေးသော စက်သုံးဆီဝယ်ယူခွင့်ရရန်အတွက် ယင်းအချိန်မတိုင်မီ ညဦးပိုင်း ၇ နာရီကတည်းက ကြိုတင်ပြီး မြို့ထဲရှိ စက်သုံးဆီဆိုင်များအရှေ့တွင် ဆိုင်ကယ်များ တန်းစီနေကြပြီဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။ ညဦးပိုင်းမှ နံနက်ပိုင်းအထိ တစ်ညလုံးတန်းစီရန်အတွက် စက်သုံးဆီဆိုင်များအနီးတွင် နေထိုင်သူများကို ဆိုင်ကယ်အပ်ခ တစ်စီးလျှင် တစ်ထောင်ကျပ်ပေးပြီး တန်းစီကြခြင်းဖြစ်ကြောင်း သိရသည်။ “ကိုယ့်ဆိုင်ကယ်ကို ညလုံးပေါက်စောင့်ကြတဲ့သူတွေလည်းရှိတယ်။ မစောင့်ချင်ဘူးဆိုရင်တော့ အဲဒီနားက အိမ်ကို တစ်ထောင်(ကျပ်) ပေးပြီး စောင့်ခိုင်းကြတယ်” ဟု ကိုယ်တိုင် ငွေပေးစောင့်ခိုင်းသူတစ်ဦးက ပြောဆိုသည်။ အချို့မှာ အခြားသူများကို ငွေပေးစောင့်ခိုင်းရမည်ကို စိတ်မချသဖြင့် ကိုယ်တိုင်ညလုံးပေါက် အိပ်စောင့်တန်းစီသူများလည်းရှိသည်။ 
Apr 03 • 1:30 AM
Myanmar
Tanintharyi
Share
| 24 | 0 | 0 | 0 |


