ယနေ့ ဧပြီ ၂ ရက်နေ့ နေ့လည် ၁၂ နာရီ ၄၈ မိနစ်အချိန်ခန့်တွင် ဓာတ်အားစနစ်အတွင်း ၂၃၀ ကေဗွီ မင်းလှ - မြောင်းတကာ လိုင်းအပြစ်ဖြင့် ဓာတ်အားစနစ်ပြတ်တောက်မှု ဖြစ်ပွားခဲ့ပြီး ဓာတ်အားပြန်လည်ရရှိရေး အချိန်နှင့် တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)မှ ထုတ်ပြန်ထားပါတယ်။ယခု အခြေအနေကြောင့် ရန်ကုန်တိုင်း၊ အလုံစက်ရုံရှိ Gas Turbine (၁) လုံး သီးခြားမောင်းနှင်၍ ဆေးရုံကြီးများ ဓာတ်အားရရှိရေး ဦးစားပေး ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။ဓာတ်အားစနစ်မှ ရန်ကုန်နှင့်ဧရာဝတီတိုင်းဒေသကြီးသို့ အဓိကဓာတ်အားပေးနေသော ဓာတ်အားလိုင်းကြီး (၄) လိုင်းရှိရာ ၎င်းလိုင်းကြီး (၄)လိုင်းအနက် အလယ်ရိုးမ အနောက်ဘက်ရှိ ရွှေတောင်မှ မြောင်းတကာ(ရန်ကုန်)သို့ သွယ်တန်းထားသည့် ၂၃၀ ကေဗွီ နှစ်ထပ်ဓာတ်အားလိုင်းဟာ မတ် ၂၇ ရက်က ဖျက်စီးခံခဲ့ရကာ အမြန်ပြုပြင်လျှက်ရှိပြီး လက်ရှိတွင်(၇၅)ရာခိုင်နှုန်း ခန့်ပြီးစီးနေပြီဖြစ်ကြောင်းလည်း YESC မှ ဧပြီ ၁ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားပါတယ်။အထက်ပါ အခြေအနေတွင် ကျန်ရှိနေသော ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်းတစ်လိုင်းဟာ လိုင်းအပြစ်ဖြစ်ပေါ်ခဲ့ပါသဖြင့် အခြားဓာတ်အားလိုင်း(၂)လိုင်း၌ဝန်အား ပိုမိုစီးဆင်းခြင်းကြောင့် ဧပြီ ၁ ရက်နေ့ နေ့လည် ၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် System Breakdown ဖြစ်ပေါ်ခဲ့ရတယ်လို့လည်း သိရပါတယ်။



