နှစ်နှစ်ကျော်ကြာ ပိတ်ထားတဲ့ ထိုင်း - မြန်မာနယ်စပ် ၊ ကရင်ပြည်နယ်၊ မြဝတီ - ကော့ကရိတ် - ဘားအံ အာရှလမ်းမကြီးကို ဒီနေ့ ဧပြီ ၂ ရက်နေ့မနက်ပိုင်းကစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။ လက်ရှိမှာ ဆိုင်ကယ် နဲ့ အိမ်စီးကား ၊ လူစီးခရီးသည်တင်ကားတွေကို ဖြတ်သန်းသွားလာခွင့်ပြုထားပြီး ကုန်ကားတွေကိုတော့ သွားလာခွင့်မပြုသေးဘူးလို့ သိရပါတယ် ။
ဒီကနေ့မနက် အာရှလမ်းမကြီးကနေ ဖြတ်သန်းသွားလာခဲ့တဲ့ ခရီးသွား ပြည်သူတယောက်က " အာရှလမ်းဖွင့်ပါပြီ။ အားလုံးအေးအေးဆေးဆေးပါပဲ ။ပုံမှန်လိုပဲ သွားလာနေကြပါတယ်။ ဆိုင်ကယ်တွေလည်း သွားနေကြတယ်။ အိမ်စီးကားတွေ ၊ ခရီးသည်တင်ကား တွေတော်တော်လေးတွေ့ရတယ်။ ကုန်ကားတွေကတော့ ပေးမဖြတ်ပါဘူး။ သွင်းကုန်လိုင်စင်မှချမပေးသေးတာ ။ အမှတ်၂တံတားကလည်းမဖွင့်သေးဘူးလေ။ အခုက ကုန်ကားတွေက တောလမ်းကပဲသွားလို့ရတာ ။ " လို့ ပြောပါတယ်။ အာရှလမ်းမကြီး သွားလာခွင့် ရရှိပြီဖြစ်တဲ့အတွက် မြဝတီကနေ ဘားအံကို အချိန် ၂ နာရီကျော်နဲ့ သွားလာနိုင်ပြီဖြစ်လို့ လူနာတင်ယာဥ်တွေ ၊ ဒေသတွင်းသွားလာမှု ၊ ဒေသတွင်း ကုန်စည်စီးဆင်းမှု အရင်ကထက်ပိုပြီး မြန်ဆန်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ အာရှလမ်းမကြီး ဖွင့်လှစ်ပြီးနောက် မကြာမီကာလမှာ တောလမ်းတွေ ဖြစ်တဲ့ ကြက်ဥတောင် ၊ ထို့ကော်ကိုး ၊ ၁၀၁၈ လမ်းတွေကို သွားလာဖြတ်သန်းခွင့် ပိတ်မယ့် အခြေအနေရှိတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။ တရားမဝင် ကုန်သွယ်မှုကို တိုက်ဖျက်တဲ့အနေနဲ့ တောလမ်းတွေကို သွားလာခွင့်ပိတ်မှာဖြစ်ကြောင်း ၊ တရားဝင်ကုန်သွယ်ခွင့်ရရှိဖို့အရေးအတွက်ကိုတော့ အမှတ် ၂ ချစ်ကြည်ရေးတံတားကို ပြန်ဖွင့်ဖို့အတွက် လက်ရှိမှာ နှစ်နိုင်ငံ ဆွေးနွေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။



