အပစ်အခတ် ရပ်စဲဖို့ အီရန် သမ္မတက တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို အီရန်ဖက်က ငြင်းဆိုသွားခဲ့ပါတယ်။
အီရန်ရဲ့ ပုံစံသစ် ပြောင်းလဲသွားတဲ့ အစိုးရရဲ့ သမ္မတက သူ့ကို အပစ်ရပ်ဖို့ တောင်းဆိုခဲ့ကြောင်း ဧပြီ ၁ ရက်နေ့မှာ ထရမ့်က လူမှုကွန်ရက်ပေါ် ရေးသားထားခဲ့ပါတယ်။ အီရန်သာ ဟောမုဇ် ရေလက်ကြားကို ပိတ်ထားတဲ့ ကိစ္စ လက်လျှော့လိုက်ပြီး အဲဒီ ရေလမ်းကြောင်းကို ရှင်းရှင်းလင်းလင်း၊ လွတ်လွတ်လပ်လပ် ပြန်ဖွင့်ပေးရင်တော့ သူ့အစိုးရကလည်း အပစ်ရပ် တောင်းဆိုမှုကို စဉ်းစားမယ်လို့ ထရမ့်က မှတ်ချက် ပေးထားခဲ့ပါတယ်။သူပြောတဲ့ အီရန် အစိုးရသစ်ရဲ့ သမ္မတ ဆိုတာဟာ လက်ရှိ အီရန်သမ္မတဖြစ်တဲ့ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းကိုပဲ ရည်ညွှန်းတာလား ဆိုတာတော့ တိတိကျကျ မသိရပါဘူး။ အမေရိကန်သမ္မတထရမ့်ရဲ့ လူမှုကွန်ရက် ပို့စ်ထဲမှာ အီရန် အစိုးရသစ်ရဲ့ သမ္မတက အခုလေးတင်ပဲ အမေရိကန်ကို အပစ်ရပ်ဖို့ တောင်းဆိုလိုက်တယ်လို့ ရေးသားထားပေမယ့် အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ပယ်ချသွားခဲ့ပါတယ်။ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အစ္စမေးလ် ဘာကာအီက အီရန်ဟာ ဘယ်တုန်းကမှ အပစ်ရပ်ဖို့ အမေရိကန်ကို မတောင်းဆိုခဲ့ဘူးလို့ ပြောကြားခဲ့ပြီး ထရမ့်ရဲ့ စကားတွေက အခြေအမြစ် မရှိတဲ့ မုသားတွေသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ထရမ့်ကတော့ အမေရိကန်ဟာ ဟောမုဇ် ရေလက်ကြား ပြန်ပွင့်မှ အပစ်အခတ် ရပ်စဲရေးကို စဉ်းစားမှာ ဖြစ်ကြောင်း၊ အဲဒီမတိုင်ခင် အထိတော့ အီရန်ကို ကျောက်ခေတ် ပြန်ရောက်သွားတဲ့ အခြေအနေထိ တိုက်ခိုက် ချေမှုန်းနေမှာဖြစ်ကြောင်း သူ့ရဲ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်း Truthမှာ ရေးသားထားခဲ့ပါတယ်။ ဒါဟာ အီရန်ကို ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်တဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။



