ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့တွင် ခိုလှုံနေသော မြန်မာလူလတ်တန်းစားများအတွက် စီးပွားရေးအခွင့်အလမ်းနှင့် ကျွမ်းကျင်အလုပ်အကိုင်ဆိုင်ရာ ဗီဇာစည်းမျဉ်းသစ်များ ဖန်တီးပေးရန် သုတေသနအဖွဲ့ဖြစ်သော Surin Pitsuwan Foundation က တိုက်တွန်းလိုက်သည်။ ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းအထိ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံမှ ရှောင်တိမ်းလာသည့် ဘွဲ့ရကျွမ်းကျင်လုပ်သားဦးရေ အနည်းဆုံး ၆,၀၀၀ အထိ ရှိနိုင်ကြောင်း Surin Pitsuwan Foundation အဖွဲ့က ထုတ်ပြန်သည်။ အထူးသဖြင့် ဆရာဝန်၊ အင်ဂျင်နီယာကဲ့သို့ ကျွမ်းကျင်ပညာရှင်များ၊ CDM ဝန်ထမ်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ NGO ဝန်ထမ်းများ၊ အနုပညာရှင်များနှင့် တက္ကသိုလ်ကျောင်းသားများသည် အာဏာသိမ်းပြီးနောက်ပိုင်း ချင်းမိုင်မြို့သို့ ပြောင်းရွှေ့လာခဲ့ကြကြောင်း သုတေသနအစီရင်ခံစာတွင် ဖော်ပြသည်။



