ရှမ်းမြောက်၊ တအာင်းထိန်းချုပ်ဒေသ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် မတ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၈)ဦး စုစုပေါင်း (၁၁)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ပြီးခဲ့သည့် မတ်လ (၃)ရက်တွင် ရှောင်သခင်စစ်ဆေးနေစဥ် အသက် (၂၇)နှစ် မောင်အိုက်ထွန်း၊ အသက် (၅၉)နှစ် ဦးအိုက်ယွန်း၊ အသက် (၆၀)နှစ် ဦးစိုင်းနှင့် အသက် (၃၄)နှစ် ဒေါ်အောင်မိုင်းတို့ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ထို့အပြင် နမ့်ခမ်းမြို့နယ် မန်နောင်ကျေးရွာတွင် မတ်လ (၁၁) ရက်နေ့၌ မူးယစ်ဆေးဝါးသုံးစွဲသူများဖြစ်သည့် အသက် (၆၅) နှစ်အရွယ် ဦးအောင်မြတ်၊ အသက် (၅၀) နှစ်အရွယ် ဒေါ်ယီခမ်းနှင့် အသက် (၆၅) နှစ်အရွယ် ဒေါ်မန်ယီတို့ကို ဖမ်းဆီးရမိခဲ့ပြီး မတ်လ (၁၅) ရက်နေ့တွင်လည်း အသက် (၄၁) နှစ်အရွယ် ဦးညီအေးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ကင်းလှည့်ဆောင်ရွက်စဉ် ဖမ်းဆီးရမိခဲ့ကြောင်းဆိုသည်။ထို့အတူ မတ်လ (၂၃) ရက်နေ့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများဖြစ်သည့် အသက် (၃၄) နှစ်အရွယ် ဦးထွန်းလွင်၊ အသက် (၃၂) နှစ်အရွယ် ဦးလေစန်းနှင့် အသက် (၃၉) နှစ်အရွယ် ဦးကျောက်အန်တာတို့ကိုလည်း ကင်းလှည့်ဆောင်ရွက်စဉ် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ထို့ပြင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ လူမှုအသိုင်းအဝိုင်းအတွင်း မူးယစ်ဆေးဝါးအသုံးပြုမှုနှင့် ရောင်းဝယ်မှုများ ပပျောက်စေရန်၊ လူငယ်များ၏ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် လူမှုဘဝ လုံခြုံတည်ငြိမ်ရေးကို မြှင့်တင်နိုင်ရန် ဖြစ်ကြောင်းထုတ်ပြန်ထားသည်။



