ချင်းပြည်အစိုးရ သည် ၂၀၂၆ ခုနှစ် ပြက္ခဒိန်အတွက် ချင်းပြည်နယ်အတွင်း ရုံးပိတ်ရက် အများပြည်သူအလုပ်ပိတ်ရက်နှင့် နေ့ထူးနေ့မြတ်အားလပ်ရက်များကို ယမန်နေ့ မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ကြေငြာလိုက်သည်။ယင်းထုတ်ပြန်ချက်ကို ချင်းပြည်အစိုးရသည် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ ပုဒ်မ ၆ နှင့် ပုဒ်မ ၃၂ (ဂ) အရ သတ်မှတ်ကြေငြာခြင်းဖြစ်သည်။ထုတ်ပြန်ချက်အရ ပြန်တမ်းဝင်ရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၊ နေ့ထူးနေ့မြတ်များဟူ၍ အပိုင်းနှစ်ပိုင်းဖြင့် ဖော်ပြထားသည်။ပြန်တမ်းဝင်ရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များအတွက် ဇန်နဝါရီလ ၁ ရက် နေ့တွင် နှစ်သစ်ကူးနေ့၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးနေ့၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ် ချုပ်ဆိုခြင်းနေ့၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ချင်းအမျိုးသားနေ့၊ မတ်လ ၂၀ ရက်နေ့တွင် ချင်းတော်လှန်ရေးနေ့၊ ဧပြီလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ သင်္ကြန်ပွဲတော်နေ့၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကောက်သစ်စားပွဲ့နေ့နှင့် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ခရစ္စမတ်နေ့ အဖြစ် ဖော်ပြထားသည်။နေ့ထူးနေ့မြတ်များတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နွေဦးတော်လှန်ရေးနေ့၊ မတ်လ ၈ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၊ မတ်လ ၁၅ ရက်နေ့တွင် Arthur E. Carson နေ့၊ ဧပြီလ ၄ ရက်နေ့တွင် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့နေ့၊ ဇွန်လ ၂၆ ရက်နေ့တွင် ဆလိုင်းတင်မောင်ဦးအောက်မေ့ဖွယ်နေ့၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကမ္ဘာ့ကလေးများနေ့၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ချည်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၃) ပြဌာန်းသည့်နေ့ အပါအဝင် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဟူ၍ သတ်မှတ်ထားသည်။ယဉ်ကျေးမှုပွဲတော်ဆိုင်ရာနေ့ရက်များ၊ ဘာသာရေးပွဲတော်ဆိုင်ရာ နေ့ရက်များနှင့် တော်လှန်ရေးဆိုင်ရာအောက်မေ့ဖွယ်နေ့ရက်များကို သက်ဆိုင်ရာ ဒေသန္တအစိုးရအဖွဲ့မှ ကန့်သတ်အားလပ်ရက်များအဖြစ် သတ်မှတ်ဆောင်ရွက်နိုင်သည်။ထို့အပြင် ပြန်တမ်းဝင်အားလပ်ရက်များသည် သာမာန်အလုပ်ပိတ်ရက်ဖြစ်သည့် စနေ၊ တနင်္ဂနွေနေ့နှင့် တိုက်ဆိုင်ကျရောက်ပါက ထိုအားလပ်ရက်အတွက် အစားထိုး အားလပ်ရက်ကို အလုပ်လုပ်ရမည့် နောက်တနေ့တွင် ခံစားခွင့်ပြုမည်ဟု ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။



