ဧရာ၀တီတိုင်းတွင် စက်သုံးဆီရှားပါးမှုနှင့် ဝယ်လိုအားများနေမှုကြောင့် နေရာဒေသအပေါ် မူတည်၍ ဒီဇယ် ၁ ပေပါလျှင် ပြင်ပပေါက်စျေး ၂၅ သိန်းမှ သိန်း ၃၀ ကျော်အထိ စျေးနှုန်းများ အဆမတန် မြင့်တက်နေသဖြင့် လယ်သမား သန်းနှင့်ချီ၍ အခက်အခဲများကြုံတွေ့နေကြောင်း သိရသည်။ဧရာ၀တီတိုင်းတွင် နွေစပါးစိုက်ခင်းများကို ဖေဖော်ဝါရီ၊ မတ်လနှင့် ဧပြီလတို့တွင် ရိတ်သိမ်းလေ့ရှိပြီး လက်ရှိ စပါးရိတ်သိမ်းကာလအတွင်း စက်သုံးဆီ (ဒီဇယ်) ရှားပါးမှုနှင့် ဝယ်လိုအားများသည့်အတွက် ဂါလံ ၅၀ ပါ ဒီဇယ် ၁ ပေပါလျှင် ကျပ်သိန်း ၃၀ ကျော်အထိ စျေးနှုန်းများအဆမတန် မြင့်တက်နေခြင်းဖြစ်ကြောင်း ဒေသခံ လယ်သမားများက ပြောသည်။မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒီဇယ် ၁ ပေပါ ၂၆ သိန်း၊ ရေကြည်နှင့်သာပေါင်းတွင် ၂၇ သိန်း၊ ကြံခင်းမြို့နယ်တွင် သိန်း ၃၀ ပေါက်စျေးရှိနေပြီး နေရာဒေသနှင့် ဝယ်လိုအားအပေါ်မူတည်၍ ၂၅ သိန်းမှ သိန်း ၃၀ ကျော်အထိ ဒီဇယ်စျေး အဆမတန် မြင့်တက်နေခြင်းဖြစ်သည်။ဧရာ၀တီတိုင်းတွင် စက်မှုလယ်ယာသို့ ပြောင်းလဲခဲ့သည့်နောက် လယ်သမားအများစုမှာ ကျွဲနွားများအစား စက်ပစ္စည်းများ အသုံးပြု၍ စိုက်ပျိုးရိတ်သိမ်းကြပြီး လက်ရှိနွေစပါးရိတ်သိမ်းကာလတွင် ရိတ်သိမ်း ခြွေလှေ့စက်၊ စပါးခြွေလှေ့စက်၊ စပါးများ သယ်ယူပို့ဆောင်ရန် ထော်လာဂျီနှင့် စက်လှေများအတွက် ဒီဇယ်ဆီ မဖြစ်မနေ အသုံးပြုရန်လိုအပ်နေသည်။



