ဆားတောင်သူများအနေဖြင့် စက်သုံးဆီအား ပြင်ပမှောင်ခိုဈေးကွက်မှ ဈေးကြီးပေးကာ ဝယ်ယူသုံးစွဲနေရကြောင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဆားတောင်သူများ၏ ပြောကြားချက်များအရ သိရသည်။စက်သုံးဆီအခက်အခဲမဖြစ်ခင်အချိန်က ဒီဇယ်ဆီ တစ်ပီပါလျှင် ကျပ်ခြောက်သိန်းခွဲခန့်သာရှိခဲ့သော်လည်း လက်ရှိအချိန်တွင်မူ ဒီဇယ်ဆီ တစ်ပီပါလျှင် ကျပ်နှစ်ဆယ့်လေးသိန်းဈေးနှုန်းဖြင့် ပြင်ပမှောင်ခိုဈေးကွက်မှဝယ်ယူသုံးစွဲနေရကြောင်း သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာမှ ဆားတောင်သူတစ်ဦးက ပြောကြားသည်။၎င်းက ဆက်လက်ပြီး “ဓာတ်ဆီဆိုရင်လည်း ဆီအရောင်းဆိုင်တွေမှာ ငါးထောင်ကျပ်ဝန်းကျင်ဈေးရှိပေမယ့် ပြင်ပမှောင်ခိုဈေးကွက်ကနေ ကျပ်တစ်သောင်းခွဲ ပေးဝယ်ပြီးသုံးစွဲနေရတယ်” ဟု ပြောကြားသည်။စက်သုံးဆီဝယ်ယူခွင့်အား သက်ဆိုင်ရာဌာနဆိုင်ရာများက ကူညီဆောင်ရွက်ပေးကြသော်လည်း စက်သုံးဆီအရောင်းဆိုင်များတွင် ဆီမရှိသည့်အတွက်ဟုဆိုကာ ရောင်းချပေးခြင်းမရှိကြောင်းလည်း ၎င်းတောင်သူက ဆိုသည်။ယခုနှစ် နေလှန်းဆားရာသီတွင် ဆားထမ်းအလုပ်သမားအတွက် အနည်းဆုံး တစ်ပိဿာ ၁၅ ကျပ်နှုန်းမှ ၁၈ ကျပ်နှုန်းအထိ ပေးထားရသည့်အပြင် ဆားထမ်းခ ပုတ်ပြတ်ပေး၍ လုပ်ကိုင်နေသူများလည်းရှိကြောင်း ဆားတာင်သူများ၏ ပြောကြားချက်များအရ သိရသည်။လက်ရှိဈေးကွက်အတွင်း နေလှန်းဆားတစ်ပိဿာလျှင် ၅၀၀ ကျပ်သာ ပေါက်ဈေးရှိနေကြောင်းနှင့် စက်သုံးဆီအား ဈေးကြီးပေးကာ ဝယ်ယူသုံးစွဲနေရခြင်း၊ အလုပ်သမားခများ တိုးမြှင့်ပေးရခြင်းများကြောင့် ဆားကြမ်းထုတ်လုပ်လုပ်မှုကျစရိတ် မြင့်တက်သွားကြောင်း သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ ဆားတောင်သူတစ်ဦးက ပြောကြားသည်။



