အီရန်အပေါ် စစ်ပွဲ ရှေ့ခြေလှမ်းများကို သမ္မတဒေါ်နယ်ထရန့်က ချိန်ဆနေချိန်မှာပင် အမေရိကန်ကြည်းတပ်၏ အမှတ်( ၈၂ ) အထူးလေကြောင်းချီတပ်မမှ ထောင်နှင့်ချီသော တပ်ဖွဲ့များ အရှေ့အလယ်ပိုင်းသို့ စတင် ရောက်ရှိလာခဲ့ကြောင်း အမေရိကန်အရာရှိကြီး ၂ ဦးက ပြောကြားသည်။ အမေရိကန်တပ်ဖွဲ့များအား အီရန်ပိုင်နက်တွင် ဖြန့်ကြက်ရန် သမ္မတ ထရမ့်အတွက် ရွေးချယ်စရာရှိလာခဲ့သည်။အရှေ့အလယ်ပိုင်းဒေသတွင် ထောင်နှင့်ချီသောရေတပ်သားများ၊ မရိန်းတပ်ဖွဲ့များ နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့များကို ပင်တဂွန်က စေလွှတ်ထားပြီးဖြစ်သော်လည်း ယခုထပ်မံ၍ ရန်သူ၏ နောက် ကျောသို့ လေကြောင်းမှ တစ်ဆင့်.ပို့ဆောင်နိုင်သည့် လေထီးတပ်ဖွဲ့ကိုပါ စေလွှတ်လိုက်ခြင်း ဖြစ်သည်။ သီတင်းပတ်ကုန်ကပင် မရိန်းတပ်ဖွဲ့ဝင် ၂,၅၀၀ ရောက်ရှိခဲ့ပြီးဖြစ်သည်။လေထီးတပ်ဖွဲ့များ ရောက်ရှိလာကြောင်း အမည်မဖော်လိုသူ အရာရှိကြီးများက ဆိုကာ ၎င်းတပ်ဖွဲ့များအား မည်သည့်နေရာတွင် ဖြန့်ကြက်သွားမည်ကိုမူ မဖွင့်ဟကြပေ။ ယင်းတပ်ဖွဲ့များတွင် လေကြောင်းချီတပ်ဖွဲ့ ဌာနချုပ်မှ ထောက်ပံ့ပို့ဆောင်ရေး နှင့် အခြားအထောက်အကူ တပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်ရေးတပ်ခွဲတစ်ခုလည်း ပါဝင်သည်။



