အထွေထွေကုန်ဈေးနှုန်းများ သိသိသာသာမြင့်တက်လာမှုကြောင့် ဝင်ငွေနည်းအခြေခံလူတန်းစားများအနေဖြင့် အခက်တွေ့နေရကြောင်း ဒေသခံများကပြောသည်။စက်သုံးဆီရှားပါးပြတ်လပ်မှုဖြစ်စဥ်ကြောင့် ကုန်ပစ္စည်းထုတ်လုပ်မှုနှင့် သယ်ယူမှုကဏ္ဍများတွင် စရိတ်ကုန်ကျမှု မြင့်မားလာပြီး ကုန်ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်သည်။ယခုလဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့သည့် စက်သုံးဆီရှားပါးမှုနှင့် ဈေးနှုန်းမြင့်တက်လာမှုများကြောင့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်မားလာပြီး ပုံမှန်ကုန်ကျငွေထက် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိပိုမိုကုန်ကျလာခဲ့ကြောင်း ဒေသခံများက ဆိုသည်။စက်သုံးဆီရရှိရေးအတွက် အလုပ်ပျက်ခံ၍ အချိန်ကြာမြင့်စွာစောင့်ဆိုင်းဝယ်ယူနေရမှုများကြောင့် ဒေသခံများအနေဖြင့် ဝင်ငွေဆုံးရှုံးမှုအခြေအနေနှင့်လည်း ရင်ဆိုင်နေရကြောင်း သိရသည်။



