အမေရိကန်နှင့် အစ္စရေးတို့ အီရန်အပေါ် စစ်ဆင်နွှဲနေမှုတွင် ပါဝင်နေသည့် အမေရိကန်စစ်လေယာဉ်များအတွက် စပိန်က ၎င်းတို့၏ လေပိုင်နက်ကို အသုံးပြုခွင့်မပေးကြောင်း ကြေညာလိုက်သည်။ ယင်းကြေညာချက်က အီရန်စစ်ပွဲကို အဓိကဆန့်ကျင်သူအဖြစ် စပိန်၏ ရပ်တည်ချက်ကို ပိုခိုင်မာစေခဲ့သည်။စစ်ဆင်ရေးများအတွက် စပိန်နိုင်ငံအတွင်း အမေရိကန်နှင့် တွဲဖက်အသုံးပြုနေသည့် စစ်အခြေစိုက်စခန်းများကို အမေရိကန်က အသုံးပြုခွင့်မရှိဟု စပိန်အစိုးရက အသိပေးလိုက်ပြီးနောက် ယခုလေပိုင်နက်ပိတ်ပင်မှုကို စပိန်ကာကွယ်ရေးဝန်ကြီးက မတ် ၃၀ ရက်တွင် အတည်ပြုခဲ့သည်။အီရန်စစ်ပွဲနဲ့ပတ်သက်ရင် စစ်အခြေစိုက်စခန်းတွေကိုပဲဖြစ်ဖြစ်၊ လေပိုင်နက်ကိုပဲဖြစ်ဖြစ် သုံးခွင့်မပေးနိုင်ပါဘူး" ဟု စပိန်ကာကွယ်ရေးဝန်ကြီး မာဂါရီတာ ရိုဘယ်လ်စ်က သတင်းထောက်များကို ပြောကာ "စပိန်ရဲ့ ရပ်တည်ချက်ကို အားလုံးသိလိမ့်မယ် ထင်ပါတယ်။ သိပ်ကိုရှင်းပါတယ်။ ဒီစစ်ပွဲဟာ လုံးဝတရားမဝင်၊ လုံးဝ မတရားတဲ့စစ်ပွဲပါ" ဟုလည်း ပြောဆိုခဲ့သည်။လေပိုင်နက်ပိတ်လိုက်ခြင်းကြောင့် ဗြိတိန်နှင့် ဥရောပအခြားနေရာများတွင် အခြေစိုက်ထားသည့် အမေရိကန်စစ်လေယာဉ်များသည် အရေးပေါ်အခြေအနေမှလွဲပြီး အရှေ့အလယ်ပိုင်းရှိ ပစ်မှတ်များသို့သွားရာတွင် စပိန်ကို ရှောင်ကွင်းသွားရတော့မည်ဖြစ်သည်။စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချတ်ဇ်က အီရန်စစ်ပွဲကို အတိအလင်း ကန့်ကွက်ခဲ့သူဖြစ်ပြီး စစ်အခြေစိုက်စခန်းများ အသုံးပြုခွင့်ကို ငြင်းပယ်လိုက်ခြင်းကြောင့် ဒေါ်နယ်ထရန့်က စပိန်နှင့် ကုန်သွယ်မှုများကို ဖြတ်တောက်မည်ဟုပင် ခြိမ်းခြောက်ခဲ့သည်။ "တရားမဝင်တဲ့ လုပ်ရပ်တစ်ခုကို နောက်ထပ်အဲဒီလိုလုပ်ရပ်နဲ့ တုံ့ပြန်လို့မှမရပဲ။အဲဒီလိုလုပ်တာဟာ လူသားမျိုးနွယ်အတွက် အကြီးအကျယ်ဒုက္ခတွေ စတင်ရာ အကြောင်းအရင်းပဲ" ဟု ဆိုကာ စစ်တိုက်ရပ်ရန် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ကို စပိန်ဝန်ကြီးချုပ်က တိုက်တွန်းထားသည်။



