လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်ကစားသမား ဂျရတ်က အီဂျစ်တိုက်စစ်ကစားသမား ဆာလာရဲ့နေရာ အစားထိုးဖို့အတွက် ဝက်စ်ဟမ်းတောင်ပံကစားသမား ဆမ်မာဗီးလ်ကို ခေါ်ယူသင့်တယ်လို့ အကြံပြုပြောကြားခဲ့ပါတယ်။ဆာလာက လာမယ့်နွေရာသီမှာ လီဗာပူးလ်အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ကြောင်း အတည်ပြုကြေညာထားပြီးဖြစ်တာကြောင့် ဘယ်သူ့ကို ခေါ်ယူအစားထိုးသင့်သလဲလို့ မေးမြန်းရာမှာ ဂျရတ်က ဆမ်မာဗီးလ်ကို ညွှန်းဆိုခဲ့တာဖြစ်ပါတယ်။''ကျွန်တော်က ဆမ်မာဗီးလ်ရဲ့ပရိသတ်ပါ။ သူက တစ်ဦးချင်းဖြတ်ကျော်ရာမှာ အလွန်ထူးချွန်ပါတယ်။ သူက ဆာလောင်စိတ်ရှိသလို၊ တန်းဆင်းဇုန်အတွက် တိုက်ပွဲဝင်နေရတဲ့အသင်းမှာ တောက်ပသူတစ်ယောက်ဖြစ်ကြောင်း သက်သေပြထားသူလည်း ဖြစ်ပါတယ်။ ဘိုဝင်ကလည်း ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ပေမဲ့ ဆာလာနေရာ အစားဝင်နိုင်မယ့် အဆင့်အတန်းရှိတယ်လို့ ကျွန်တော် မထင်ပါဘူး။ ဆမ်မာဗီးလ်က ကမ္ဘာ့အကောင်းဆုံး ထိပ်ဆုံးသုံးလေးဦးစာရင်းထဲ ရောက်လာမယ့်သူပါ။ ဒါဟာ လီဗာပူးလ်မှာ ဆာလာရောက်ရှိခဲ့တဲ့ အဆင့်အတန်းပါပဲ'' လို့ ဂျရတ်က ပြောကြားခဲ့ပါတယ်။ဆမ်မာဗီးလ်(၂၄ နှစ်)ဟာ ၂၀၂၄ နွေရာသီမှာ လိဒ်စ်ကနေ ဝက်စ်ဟမ်းကို ပေါင်(၂၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဝက်စ်ဟမ်းအသင်းအတွက် (၄၉)ပွဲကစားပြီး (၈)ဂိုး သွင်းယူထားပါတယ်။လာမယ့်နွေရာသီမှာ ဆမ်မာဗီးလ်ကို ခေါ်ယူဖို့ စပါးအသင်းကလည်း ပစ်မှတ်ထားနေကြောင်း သိရပါတယ်။


