တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ အရေးပေါ်လူနာတင်ယာဉ်များသည် စက်သုံးဆီ အလွယ်တကူ မထည့်နိုင်တော့ဘဲ လူနာကိုလည်း ချက်ချင်းသွားရောက်မခေါ်နိုင်တော့ကြောင်း သတင်းရရှိသည်။ ထိုသို့ စက်သုံးဆီပြတ်လပ်မှုနှင့် ဈေးမြင့်တက်လာမှုကြောင့် စက်သုံးဆီရရှိရန် နေ့စဉ် တန်းစီနေရသည့် ကား၊ ဆိုင်ကယ်များ စက်သုံးဆီဆိုင်ရှေ့တွင် အများအပြား ရှိလာသည်။ ထိုသို့ စက်သုံးဆီ တန်းစီရာတွင် အရေးပေါ်လူနာတင်ကားများလည်း စက်သုံဆီဖြည့်ရန် တန်းစီရသဖြင့် အရေးပေါ်လူနာများ အသက်ဆုံးရှုံးလုနီးပါး ပြဿနာများ ရင်ဆိုင်ခဲ့ရကြောင်း တောင်ကြီး နာရေးကူညီမှုအသင်း အဖွဲ့ဝင် တစ်ဦးက ပြောသည်။အလားတူ အောင်ပန်းမြို့မှ အရေးပေါ်ကားများသည်လည်း စက်သုံးဆီရရှိရေးအတွက် အများနည်းတူ တန်းစီစောင့်ဆိုင်းရသောကြောင့် လူနာများကို အချိန်မီ သွားရောက် မတင်ဆောင်နိုင်သောကြောင့် အဆင်မပြေ ဖြစ်နေရကြောင်း သိရသည်။



