ပဲခူးတိုင်းဒသကြီး တောင်ငူမြို့တွင် QR ကုတ် စနစ်ဖြင့် စက်သုံးဆီရောင်းချမှုကို မတ် ၃၀ ရက်နေ့တွင်စတင်ခဲ့ပြီး စတင်သည့်နေ့တွင် စက်သုံးဆီဝယ်ယူရန်တန်းစီသူများမှာ ယမန်နေ့များထက် ပိုများလာခဲ့ပြီး ဓာတ်ဆီ တစ်လီတာပြင်ပပေါက်ဈေး ၁၂၀၀၀ ကျပ်အထိရှိနေကြောင်း တောင်ငူမြို့ခံများထံမှသိရသည်။QR ကုတ်စနစ်ဖြင့် စပေးသည့်နေ့တွင် စက်သုံးဆီထုတ်ယူရန် တန်းစီသူပိုများသည်အခြေအနေနှင့်ပတ်သက်ပြီး(ဆီတန်းစီတဲ့လူက ဒီနေ့ကပိုများလာတယ်.. ရွှေဝါဆီပန့်မှာ မနက်က ၆ နာရီလောက်က တန်းစီထားတဲ့သူက မနက် ၁၀ နာရီလောက်မှရတယ်...မနက် ၉ နာရီခွဲလောက်မှတန်းစီတဲ့သူကျတော့ သူတို့ဆီဆိုင်က ၁၁ နာရီခွဲမှာ ဆီအရောင်း ခဏရပ်နားသွားလို့ တန်းစီရင်းတန်းလန်းနဲ့ပဲ ရောက်တဲ့နေရာကနေ ဆက်စောင့်နေရတယ်..နေ့လည် ၁ နာရီခွဲပြန်ရောင်းမှဆက်ထုတ်ပေါ့...အရောင်းခဏရပ်သွားလို့ တန်းစီတဲ့နေရာက ပြန်မထွက်သွားရဲဘူး...ထွက်သွားရင် နောက်ကနေပြန်တန်းစီရမှာ အဲ့ကျရင် ဘယ်အချိန်မှရမယ်မသိဘူး) ဟု ဆိုင်ကယ်ဖြင့် ဓာတ်ဆီထုတ်ရန် တန်းစီသူတစ်ဦးကပြောကြားသည်။



