ဧရာဝတီတိုင်း၌ အထွေထွေ အကျပ်အတည်းကို ရင်ဆိုင်နေကြရတဲ့ လယ်သမားတွေ အနေနဲ့ သွင်းအားစုတွေ ဈေးတက်တာ ၊ လယ်လုပ်သား ရှားပါးတာ ၊ စပါးဈေး ကျတဲ့အခြေအနေတွေအပြင် စက်သုံးဆီ ရှားပါးမှုကြောင့် လက်တလောမှာ နွေစပါးတွေ ရိတ်သိမ်းဖို့ပင် အခက်ကြုံနေကြရပါတယ်။
လက်ရှိ စပါးပေါက်ဈေးက တင်း ၁၀၀ကို ၁၀ သိန်းကျော်သာရရှိတော့တဲ့ အခြေအနေဖြစ်နေတဲ့ အပြင် စက်သုံးဆီဈေးတက်ပြီး ဝယ်မရတာကြောင့် ရိတ်သိမ်းချွေလှေ့ခတွေဟာလည်း ဈေးတက်လာတဲ့ အခြေအနေကို ရင်ဆိုင်နေကြရတာပါ။ ဒီအခြေအနေကို မြန်အောင်မြို့၊ ဇလွန်မြို့နဲ့ ကျုံပျော်မြို့နယ်တွေက နွေစပါးစိုက် တောင်သူ လယ်သမားတွေလည်း ကြုံတွေ့နေရပါတယ်။ စက်သုံးဆီ အခက်အခဲကြောင့် ထပ်တိုးတက်လာတဲ့ ကုန်ကျစရိတ်တွေအပြင် အရောင်း - အဝယ် အေးနေတာနဲ့ ကုန်သည်တွေကလည်း သယ်ယူပို့ဆောင်စရိတ် မြင့်လာတာကြောင့် စပါးဈေးကို ပိုနှိမ်ပြီးဝယ်ဖို့ စကားစတာမျိုးတွေ ရှိလာနေပြီလို့ ဇလွန်မြို့နယ်၊ ကျုံကော့ကျေးရွာက နွေစပါးစိုက် လယ်သမားတဦးဖြစ်တဲ့ ကိုအောင်ဦးက ဆိုပါတယ်။


