ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ၊ အုတ်တွင်းမြို့နယ် ၊ ကျောက်တလင်းကျေးရွာ အနီး ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်တွင် မတ် ၂၈ ရက် ည ၁၀ နာရီ ဝန်းကျင်က စက်ဘီးစီးလာသော အမျိုးသမီး တစ်ဦးအား ကားဖြင့်တိုက်မိကာ ထွက်ပြေးသွားသော အရက်မူးနေသည့် ရဟန်း တစ်ပါးအား ဖမ်းဆီးရမိပြီး ရဲစခန်းသို့အပ်နှံထားကြောင်း အုတ်တွင်းမြို့ သာ/ထိန်း အဖွဲ့ ဆရာတော်ထံမှသိရသည်။ဖြစ်စဉ်မှာ မတ် ၂၈ ရက် ည ၁၀ နာရီဝန်းကျင်ခန့်ကအုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးကား လမ်းဟောင်းပေါ်ရှိ ကျောက်တလင်းကျေးရွာအနီးတွင် ရဟန်းတစ်ပါးမောင်းနှင်လာသော ကားတစ်စီးမှ အသက်(၂၅)နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦးစီးလာသောစက်ဘီးအား ကားဖြင့်တိုက်မိပြီးနောက် ကျောက်တလင်းရွာထဲသို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ထိုသို့မောင်းနှင်ထွက်ပြေးရာတွင် ကျောက်တလင်းကျေးရွာ၏ လမ်းမရှိတော့သော လယ်ကွက်ထဲသို့ ရောက်ရှိ ထိုးရပ်သွားသဖြင့် ကားကိုထားခဲ့ကာ ဖိနပ်မပါဘဲ ခြေလျင် ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။
ည (၁၂) နာရီ အချိန်ခန့်တွင် အုတ်တွင်းမြို့မြောက်ဘက် အထွက် သုသာန်ကျောင်းအနီး ရန်-မန်းလမ်းမဟောင်းပေါ်တွင် ရဟန်းတစ်ပါး အရက်မူးပြီး ဖိနပ်မပါ သွားလာနေကြောင်း သတင်းရသဖြင့် အုတ်တွင်းမြို့နယ် သာ/ထိန်း အဖွဲ့မှ အချိန်မှီ သွားရောက်ဖမ်းဆီးခဲ့ကြောင်းသိရသည်။အရက်မူးပြီး ကားမောင်းလာသည့် ရဟန်းအခြေအနေနှင့်ပတ်သက်ပြီး “မူးနေပြီး ရှမ်းပြည်မှ ပြန်လာသည်ဟုပြောလိုပြော ၊ တောင်ငူမှဟုပြောလိုပြော ၊မူးနေပြီး ရှမ်းပြည်မှ ပြန်လာသည်ဟုပြောလိုပြော၊ နေပြည်တော်တွင်လဲ သူ့ကား နောက်ပိုင်း အတိုက်ခံခဲ့ရကြောင်း၊လွိုင်ကော်မှဟုပြောလိုပြော ၊ တောကျွဲအင်းမှာ ကျောင်းထိုင်သည်ဟုပြောလိုပြော” ဟု အုတ်တွင်းမြို့နယ် သာ/ထိန်းအဖွဲ့မှ ဆရာတော်ဦးတေဇသီရိက လူမှုကွန်ယက်တွင်ရေးသားခဲ့သည်။
ဖမ်းဆီးရမိသော ရဟန်းအား အုတ်တွင်း မြို့နယ်သံဃနာယက ဥက္ကဌဆရာတော်ကြီးကျောင်းတိုက်သို့ ညတွင်းချင်း ပို့ဆောင်၍ စစ်မေးဖေါ်ထုတ်ခဲ့ရာ ၎င်း၏သာသနာ မှတ်ပုံတင်တွင် Correction ဖြင့်ဖျက်ထားသောစာများဖြင့် အတုလုပ်ထားခြင်းတို့အရ ရဟန်းတု ရဟန်းယောင်သာဖြစ်ကြောင်း၊ ယခု စက်ဘီစီးသူကို ၎င်းက တိုက်မိပြီး ကားကိုထားကာ ထွက်ပြေးလာခြင်းဖြစ်ကြောင်း၊ ၎င်းတွင် ပါရှိပစ္စည်းများအား စစ်ဆေးရာတွင် သက်တမ်းလွန် passport စာအုပ်၊ထောက်ခံစာ အတုနှင့်အတူ အခြားညစ်ညမ်းပစ္စည်းများစစ်ဆေးတွေ့ရှိသဖြင့် အရပ်သား ဥပဒေဖြင့် အရေးယူနိင်ရန်လူဝတ်လဲစေကာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တာဝန်ရှိသူ နယ်ထိန်းထံသို့ အပ်နှံပေးခဲ့ကြောင်း သိရသည်။



