မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှုလွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများ ပြေးဆွဲပေးလျက်ရှိပြီး ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလွယ်ကူလျင်မြန်စေရန် ရထားလမ်း၊ တံတားနှင့် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ပြုပြင်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်ချက်အရ ပဲခူး - မော်လမြိုင် ရထားလမ်းပိုင်းအား တာပေါင်အကျယ်ကျဉ်းနေသောနေရာများ မြေဖို့ခြင်း၊ တစ်မိုင်လျှင် ကျင်း ၅၀၀ ကျောက် ဖြည့်တင်းခြင်း၊ လမ်းပိုင်းအား ကျောက်ပက်ကင်ရိုက်ခြင်း လုပ်ငန်းများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီမှစ၍ ဆောင်ရွက်လျက်ရှိသည်။အဆိုပါ ပဲခူး - မော်လမြိုင် ရထားလမ်းအရှည်မိုင် ၁၃၀ ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်၍ ကိုးချောင်းဆက် သံလမ်းလဲလှယ်ခြင်း၊ ကွန်ကရစ်ဇလီဖားတုံးများ ဖြည့်တင်းခြင်း၊ တစ်မိုင်လျှင် ကျင်း ၃၅၀ နှုန်းဖြင့် လမ်းခင်းကျောက်ဖြည့်တင်းခြင်း၊ Auto-matic Levelling Lining & Tamping Machine (ALL-TM)စက်ကြီးဖြင့် လမ်းပက်ကင်ရိုက်ခြင်း၊ လမ်းပိုင်းအချောသတ်ပြုပြင်ခြင်း၊ တံတားများ အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြီးစီးခဲ့ပြီး ကျောက်ကျင်းပေါင်း ၂၆၀၂၆ ကျင်း ထပ်မံဖြည့်တင်းနိုင်ခဲ့သည်။အဆိုပါရထားလမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ပဲခူး-မော်လမြိုင် လမ်းပိုင်းတစ်လျှောက်ကွေ့ ၅ ဒီဂရီထက် ပိုမိုသောနေရာ ၁၆ နေရာအထိရှိပြီး မိုင်နှုန်းကန့်သတ်ချက်များကြောင့် ပြေးဆွဲချိန်ထပ်မံလျှော့ချနိုင်ရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက်ခဲ့ရာ ယနေ့အထိ ကျောက်ကျင်းပေါင်း ၁၃,၄၈၉ ကျင်း ထပ်မံဖြည့်သွင်းဆောင်ရွက်နိုင်ခဲ့သည်။ပဲခူး-မော်လမြိုင် လမ်းပိုင်းအားလုံးအတွက် ထပ်မံ၍ကျောက် ကျင်း ၅,၂၇၉ ကျင်း ထပ်မံဖြည့်တင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းပိုင်းတစ်ခုလုံး အဆင့်မြှင့်တင်မွမ်းမံပြီးစီးပါက အများဆုံး ၇၅ ကီလိုမီတာနှုန်းဖြင့် ရထားပြေးဆွဲပေးသွားနိုင်မည်ဖြစ်ပြီး ရထားပြေးဆွဲချိန်အား ထပ်မံလျှော့ချပေး နိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။



