မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရေပုတ်ကျေးရွာရှိ ဒေသခံတောင်သူတွေရဲ့ သီးနှံ စိုက်ခင်း ဧကပေါင်း ၄၀၀ ကို ရေကြီးနစ်မြုပ်မှုကနေ ကြိုတင်ကာကွယ်နိုင်ဖို့ စစ္စခမ်းရိုးကို အရှည် ပေ ၃၂၀၀ တူးဖော်ဆောင်ရွက်ပေးသွားမယ်လို့ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကနေ သိရပါတယ်။အဲဒီရိုးရေနုတ်မြောင်း တူးဖော်ဆောင်ရွက်ပေးနိုင်ဖို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နဲ့ တာဝန်ရှိသူ တွေဟာ မတ်လ ၂၄ ရက် နေ့လယ်ပိုင်းက ရေပုတ်ကျေးရွာအနီး ကွင်းအမှတ် ၁၂၃၇(က)မှာ ဒေသခံတောင်သူ တွေနဲ့ တွေ့ဆုံပြီး တာဝန်ရှိသူတွေနဲ့တောင်သူတွေရဲ့ ရိုးတူးဖော်ဆောင်ရွက်မဲ့လုပ်ငန်း ရှင်းလင်းတင်ပြမှုပေါ် လိုအပ်တာတွေ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။ရေပုတ်ကျေးရွာရှိ စစ္စခမ်းရိုး တူးဖော်တဲ့လုပ်ငန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ပံ့ပိုးကူညီမှုနဲ့ ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်သွားမှာပါ။ စစ္စခမ်းရိုး တူးဖော်ဆောင်ရွက်ပေးတဲ့ အတွက် ကွင်းအမှတ် ၁၂၃၇(က)ရှိ ဧက ၃၀၀ နဲ့ ကွင်းအမှတ် ၁၃၁၁ ရှိ ဧက ၁၀၀ စုစုပေါင်း သီးနှံစိုက်ဧက ၄၀၀ ကို ရေကြီးနစ်မြုပ်မှုဘေးကနေ ကြိုတင်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။



