ယခုနှစ် ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမတိုင်မီ ဘရာဇီးလက်ရွေးစင်အသင်းအပေါ် နည်းပြ ကာလို အန်ဆယ်လော့တီ၏ ထိရောက်သော အကျိုးသက်ရောက်မှုများကို ကမ္ဘာ့ဖလားဆုရှင် ဘရာဇီး ဘောလုံးအကျော်အမော်ဟောင်း ရီဗယ်ဒိုက ချီးကျူးပြောဆိုခဲ့သည်။
ဘရာဇီးအသင်းအနေဖြင့် အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အကြိုပြင်ဆင်မှုများကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကာ လာမည့်သီတင်းပတ်တွင် ပြင်သစ်၊ ခရိုအေးရှားအသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။"နည်းပြရဲ့ လုပ်ရည်ကိုင်ရည်အပေါ် ကျွန်တော် တော်တော်လေး ယုံကြည်ပါတယ်။ သူ ကောင်းကောင်းလုပ်နေပါတယ်" ဟု ရီဗယ်ဒိုက မှတ်ချက်ပြုခဲ့ကြောင်း မတ် ၂၄ ရက်က ဘရာဇီးဘောလုံးအဖွဲ့ချုပ် (CBF) ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။


