ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ အွန်လိုင်းလောင်းကစားနဲ့ ကာစီနိုရုံတစ်ခုမှာ ဝန်ထမ်းများအား အပြင်ထွက်ခွင့်မပေးဘဲ ပိတ်လှောင်ထားတဲ့အပြင် လုပ်ငန်းတွင်းကိစ္စများ အပြင်ပေါက်ကြားပါက လစာမပေးဘဲ အရေးယူမယ်လို့ ခြိမ်းခြောက်ခိုင်းစေမှုများ ဖြစ်ပွားနေတယ်လို့ လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်းတွေထံက သိရပါတယ်။ ယင်းလုပ်ငန်းဟာ တာချီလိတ်မြို့၊ ဂေါက်ကွင်းဘေးရှိ လင်းကမ္ဘာဆိုင်ဟောင်းနေရာ (Prism KTV မျက်နှာချင်းဆိုင်)မှာ ဖွင့်လှစ်ထားတဲ့ "99 Online Game" ကုမ္ပဏီဖြစ်ပြီး လက်ရှိမှာ ဝန်ထမ်းတွေရဲ့ ဖုန်းများကိုသိမ်းဆည်းကာ အပြင်ထွက်ခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ အဲဒီကုမ္ပဏီမှာ အလုပ်သက်တမ်း ၃ နှစ်ပြည့်ပါက ရှယ်ယာပေးမယ်လို့ဆိုကာ ဝန်ထမ်းများကို အပြင်းအထန် ခိုင်းစေနေပြီး၊ ရှယ်ယာပေးရမှာကို နှမြောသဖြင့် အလုပ်သက်တမ်းရင့် ဝန်ထမ်းများကို အပြစ်မရှိဘဲ အလုပ်ထုတ်ပစ်တာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မိုင်းလားဘက်မှ လုပ်ငန်းရှင်များ လာရောက်တဲ့အခါ ဖဲဝေ (Dealer) အမျိုးသမီးငယ်တွေကို KTV တွေမှာ လိုက်လံဧည့်ခံခိုင်းတာနဲ့ အတူသောက်ပေးခိုင်းတာတွေကို ငြင်းဆန်လို့မရအောင် ဖိအားပေးခိုင်းစေနေတယ်လို့လည်း သိရပါတယ်။



