မြန်မာနိုင်ငံ၏ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ်လ ၁၉ ရက်အတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၂၆ ဦး သေဆုံးပြီး ၄၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယမန်နေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု ၄၂ မှုဖြစ်ပွားခဲ့ပြီးဇန်နဝါရီလတွင် ၁၆ မှု၊ ဖေဖော်ဝါရီလတွင် ၁၆ မှုနှင့် မတ်လ၁ ရက်မှ ၁၉ ရက်အထိ ၁၀ မှု ဖြစ်ပွါးခဲ့ကြောင်း၊ အဆိုပါ ယာဉ်မတော်တဆမှု အများစုသည် အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ မဆင်မခြင် မောင်းနှင်ခြင်းနှင့် အိပ်ငိုက်ခြင်းတို့ကြောင့် ဖြစ်ပွါးခဲ့ကြောင်း သိရသည်။၂၀၂၅ ခုနှစ်အတွင်း အဆိုပါ အမြန်လမ်းပေါ်၌ ယာဉ်မတော်တဆမှု စုစုပေါင်း ၁၈၀ ခု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရရှိသူ ၃၄၁ ဦး ရှိခဲ့ကြောင်း သိရသည်။ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ၅၈၇ ကီလိုမီတာရှည်လျားပြီး နိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်နှင့် ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးမြို့တို့ကို ဆက်သွယ်ပေးထားခြင်းဖြစ်သည်။



