အီရန် စစ်ပွဲနဲ့ပတ်သက်လို့ တုံ့ပြန်တဲ့အနေနဲ့ ဖိလစ်ပိုင်က ကမ္ဘာ့ ပထမဆုံးအဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စွမ်းအင်ဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။နိုင်ငံအတွက် စွမ်းအင် ထောက်ပံ့မှု တည်ငြိမ်စေရေးနဲ့ ဝယ်ယူရရှိနိုင်မှုအပေါ် မလွဲဧကန် အန္တရာယ် ကျရောက်လာတော့မှာ ဖြစ်တာကြောင့် စွမ်းအင်ဖူလုံမှု ကာကွယ်ရေး အထူးအမိန့်တစ်ရပ်ကို လက်မှတ် ရေးထိုးလိုက်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောပါတယ်။အီရန်ကို အမေရိကန်နဲ့ အစ္စရေးက တိုက်ခိုက်နေမှုနဲ့ အဓိက သင်္ဘောလမ်းကြောင်း ဟောမု့ဇ် ပိတ်ထားမှုတို့ကြောင့် ကမ္ဘာ့စွမ်းအင် ဈေးကွက်တွေမှာ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေပြီး စွမ်းအင်ပြတ်လပ်မှုတွေ ဈေးနှုန်း မြင့်တက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ဖိလစ်ပိုင်ဟာ သူတို့အတွက် လိုအပ်တဲ့ လောင်စာရဲ့ ၉၈ ရာခိုင်နှုန်းကို ပင်လယ်ကွေ့က တင်သွင်းနေတာ ဖြစ်ပြီး စစ်ပွဲ စတင်ကတည်းက ဖိလစ်ပိုင်မှာ ဒီဇယ်နဲ့ ဓာတ်ဆီဈေးနှုန်းတွေ နှစ်ဆ မြင့်တက်သွားခဲ့ပါတယ်။အရေးပေါ် အခြေအနေ ကြေညာလိုက်တာကြောင့် စွမ်းအင် တည်ငြိမ်ရေးနဲ့ ပိုကျယ်ပြန့်တဲ့ စီးပွားရေးအား ကာကွယ်ရေး အစီအစဉ်တွေ ပြုလုပ်နိုင်တော့မှာ ဖြစ်တယ်လို့ သမ္မတ မားကို့စ်က မတ် ၂၄ ရက်မှာ ပြောပါတယ်။အဲဒီ အမိန့်အရ လောင်စာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တခြား မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေ စီစဉ်တကျ ဖြန့်ဝေမှုကို ကြီးကြပ်ရေးကော်မတီ တစ်ရပ် ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။



