မွန်ပြည်နယ်တွင် စက်သုံးဆီ ပြတ်လပ်ပြီး အကန့်အသတ်ဖြင့် စျေးကြီးပေးဝယ်နေရသည့်အတွက် သယ်ယူပို့ဆောင်ရေးစရိတ်နှင့် အခြေခံစားသောက်ကုန်စည်များ စျေးနှုန်းမြင့်တက်လာသည်ဟု မွန်ဒေသခံတို့က ပြောသည်။ ထိုင်းဘတ်ငွေစျေးကျချိန်တွင် ထိုင်းကုန်ပစ္စည်းများ စျေးကျရမည့်အခြေအနေဖြစ်သော်လည်း စက်သုံးဆီကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်နေသည့်အတွက် ထိုင်းထုတ်ကုန်ပစ္စည်းများလည်း စျေးမြင့်တက်လျက်ရှိသည်။ လက်ရှိတွင် စက်သုံးဆီအခက်အခဲကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်သည် ပစ္စည်းအကြီးအသေးပေါ်မူတည်ပြီး တမျိုးလျှင် ကျပ် ၂,၀၀၀ ကနေ ၆,၀၀၀ အထိ စျေးတက်လာသည်ဟု ဆိုသည်။



