ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သံတိုသံစအဟောင်းရောင်းဝယ်ရေးဆိုင်တစ်ဆိုင်မီးလောင်ကျွမ်းခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ဖြစ်စဉ််မှာ မတ်လ ၂၄ ရက် မနက် ၁ နာရီ ဝန်းကျင် မြစ်ကြီးနားမြို့ အေးမြသာယာ နယ်မြေ ၅ ၊ လမ်းသွယ် (၁၄) လွတ်လပ်ရေးအားကစားကွင်းရှေ့မှာရှိတဲ့ (ပစ်တိုင်းထောင်) သံတိုသံစပစ္စည်းအဟောင်းရောင်းဝယ်ရေးခြံထဲက နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။“မီးလောင်တဲ့အိမ်မှာ လူမရှိဘူး သော့ခတ်ထားတယ် အိမ်ရှင်တွေက ခရီးထွက်သွားတာတဲ့ အိမ်စောင့်တွေက အလှူသွားနေတဲ့အချိန် လောင်တာ”လို့ မျက်မြင်တွေ့သူတစ်ဦးက ဆိုပါတယ်။ရပ်ကွက်နေပြည်သူတွေပြောချက်အရ ဝါယာရှော့ကြောင့် မီးလောင်တာလို့ယူဆရပြီး မီးအရှိန်အလွန်ပြင်းထန်ခဲ့တဲ့အတွက် ဆိုင်ထဲကပစ္စည်းတွေသာမက အိမ်လည်းအကုန်ပြာကျသွားတယ်လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးပြောပြပါတယ်။မီးလောင်မှုကိုတော့ မီးသတ်သမားတွေနဲ့အတူ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းနဲ့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းတွေကနေပြီးတော့ ပါဝင်ကူညီ ငြိမ်းသတ်ခဲ့ကြပြီး မိနစ်၂၀ကျော် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။



