ထိုင်းနိုင်ငံဟာ ကမ္ဘာ့အကြီးကျယ်ဆုံး အီလက်ထရောနစ် တေးဂီတပွဲတော်ကြီးတွေဖြစ်တဲ့ Tomorrowland နဲ့ Electric Daisy Carnival (EDC) တို့ကို လက်ခံကျင်းပခွင့်ရရှိခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ EDM ပွဲတော်တွေရဲ့ အဓိကဗဟိုချက်တစ်ခု ဖြစ်လာနေပါတယ်။ ထိုင်းနိုင်ငံဟာ အဲဒီ ပွဲတော်ကြီးနှစ်ခုစလုံးကို တစ်နှစ်တည်းမှာ လက်ခံကျင်းပမယ့် ပထမဆုံးနဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်လာမှာဖြစ်ပြီး ငါးနှစ်ဆက်တိုက် ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ ဒီအောင်မြင်မှုဟာ ထိုင်းနိုင်ငံရဲ့ ခရီးသွားဆွဲဆောင်မှု၊ ယဉ်ကျေးမှုနဲ့ ဧည့်ဝတ်ကျေပွန်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။အမေရိကန်ကနေ စတင်ခဲ့တဲ့ EDC ပွဲတော်ကို ၂၀၂၅ ခုနှစ်မှာ ဖူးခက်မှာ ပထမဆုံးအကြိမ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ပရိသတ် ၁၅၀,၀၀၀ တက်ရောက်ခဲ့ပါတယ်။ အဲဒီ အဟုန်ကို ဆက်ထိန်းပြီး ၂၀၂၆ ခုနှစ်အတွက် EDC ပွဲတော်ကို ဇန်နဝါရီလနဲ့ ဒီဇင်ဘာလတွေမှာ နှစ်ကြိမ်တိုင်တိုင် ပိုမိုကြီးမားတဲ့ နေရာသစ်မှာ တိုးချဲ့ကျင်းပသွားမှာ ဖြစ်ပါတယ်။ ငါးနှစ်တာ စီမံကိန်းအရ နိုင်ငံခြားသား ဧည့်သည် ၄၆၀,၀၀၀ ကျော်ကို ဆွဲဆောင်နိုင်ဖို့နဲ့ ဘတ် ၁၂.၅ ဘီလီယံကျော် စီးပွားရေးအကျိုးအမြတ် ရရှိဖို့ မျှော်မှန်းထားပါတယ်။ Tomorrowland ပွဲတော်ကိုတော့ အာရှတိုက်မှာ ပထမဆုံးအကြိမ်အဖြစ် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ချောင်ဘူရီ (Chon Buri) ၊ ပတ္တရားမှာရှိတဲ့ Wisdom Valley မှာ အကြီးအကျယ် ကျင်းပသွားမှာ ဖြစ်ပါတယ်။ အာရှမှာ ထိုင်းနိုင်ငံကိုပဲ သီးသန့် ငါးနှစ်ဆက်တိုက် ရွေးချယ်ကျင်းပမှာဖြစ်ပြီး စုစုပေါင်း ဘတ် ၂၁ ဘီလီယံထက်မနည်း စီးပွားရေးအကျိုးသက်ရောက်မှု ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဖျော်ဖြေရေးကဏ္ဍအပြင် အဲဒီ ပွဲတော်ကြီးတွေကနေတစ်ဆင့် ထိုင်းနိုင်ငံရဲ့ ပွဲတော်ကျင်းပရေးလုပ်ငန်းတွေကို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ မြှင့်တင်ပေးနိုင်မယ့် အကယ်ဒမီတွေ ဖွင့်လှစ်သွားဖို့လည်း အစီအစဉ် ရှိပါတယ်။ Tomorrowland အနေနဲ့ DJ တွေနဲ့ ပွဲစီစဉ်သူတွေအတွက် သင်တန်းတွေ ပေးသွားမှာဖြစ်လို့ ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်မယ့်အပြင် ထိုင်းနိုင်ငံကို အာရှရဲ့ ထိပ်တန်း EDM ပွဲတော် ကျင်းပရာနေရာအဖြစ် ကမ္ဘာ့စင်မြင့်ပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။



