စက်သုံးဆီဈေးတွေ ကြီးမြင့်နေသလို လွယ်လင့်တကူဝယ်ယူမရတာတွေကြောင့် နေပြည်တော်က တောင်သူတွေ သီးနှံစိုက်ပျိုးဖို့အတွက် အခက်ကြုံနေရတယ်လို့ သိရပါတယ်။စက်သုံးဆီဈေးတွေ ပြီးခဲ့တဲ့မတ်လအတွင်းက စတင်မြင့်တက်လာခဲ့သလို စက်သုံးဆီဆိုင်တွေမှာလည်း ကန့်သတ်ပြီး ရောင်းချတာတွေ ရှိနေခဲ့တာပါ။ တောင်သူတွေအနေနဲ့ ထွန်စက်မောင်းဖို့နဲ့ ရေတင်ဖို့အတွက် စက်သုံးဆီ လိုအပ်ချက်ရှိနေပြီး လက်ရှိအချိန်မှာတော့ ဒီဇယ်ပေါက်ဈေးကြောင့် ပိုပြီး အခက်ကြုံလာတာ ဖြစ်ပါတယ်။တပ်ကုန်းမြို့နယ်မှ ထွန်စက်ပိုင်ရှင်တယောက်က “ဆီက ဝယ်လို့တော့မရဘူး မဟုတ်ဘူး ရတယ်။ ဒါပေမဲ့ အကန့်အသတ်နဲ့ ရောင်းတဲ့အခါကျတော့ ထွန်စက်မောင်းဖို့က အဆင်မပြေတော့ဘူး။ လောလောဆယ်တော့ ပန့်မှာ သွားထည့်လိုက်၊ နီးစပ်ရာတွေဆီက ဝယ်လိုက်နဲ့ပဲ မောင်းနေရတာ။ အပြင်ပေါက်ဈေးက ဒီဇယ်တလီတာကို ၆,၀၀၀/၇,၀၀၀ လောက်ရှိတယ်။ အဲဒါတောင် လုပ်ငန်းလည်ပတ်ဖို့ မနည်းလိုက်ဝယ်နေရတာ” လို့ ပြောပါတယ်။လယ်ဧကများတဲ့သူတွေက ထွန်စက်နဲ့ ထွန်ယက်စိုက်ပျိုးကြပြီး ဧကနည်းတဲ့သူတွေကတော့ လက်ရှိအချိန်မှာ ကျွဲ၊ နွားတွေကို ပြန်လည်အသုံးပြုနေရပါတယ်။ ထွန်ယက်ရာမှာ အဆင်ပြေနိုင်ပေမယ့် လယ်ထဲကို ရေထည့်ဖို့အတွက်ကတော့ စက်သုံးဆီ လိုအပ်ချက်ရှိနေဆဲ ဖြစ်ပါတယ်။
Mar 24 • 2:33 AM
Myanmar
Naypyidaw
Share
| 11 | 0 | 0 | 0 |


