မတ်လ ၂၀ ရက်နေ့က နေပြည်တော်ကနေ မူဆယ်မြို့ကို အလုပ်လုပ်ဖို့သွားတဲ့ အမျိုးသမီး ၃ ဦးဟာ မူဆယ်မြို့ကို ရောက်ပြီးမကြာခင် အလုပ်ရှင်ရဲ့ ပြည့်တန်ဆာလုပ်ဖို့ ဖိအားပေး ခိုင်းစေတာ ခံခဲ့ရတယ်လို့ သိရပါတယ်။မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်းက ငွေကျပ် ၁၇ သိန်းပေးပြီး အလုပ်ရှင်ထံကနေ ကယ်ထုတ်ခဲ့ရတာလို့ သိရကာ အဲဒီအမျိုးသမီး ၃ ဦးကို မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်းရုံးမှာ ခေတ္တယာယီ ထားထားတယ်လို့ သိရပါတယ်။မူဆယ်မြို့ဟာ လူကုန်ကူးမှု၊ လောင်းကစားဝိုင်းတွေ၊ KTV တွေ၊ အနှိပ်ခန်းတွေနဲ့ ပြည့်တန်ဆာခန်းတွေအပြင် ပြန်ပေးဆွဲမှုတွေနဲ့ လူသတ်မှုတွေလို ရာဇဝတ်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့ နေရာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း မူဆယ်မြို့နယ် ၁၀၅ မိုင်မှာ အမျိုးသမီး ၈ ဦးကို တရုတ်နိုင်ငံသို့ လူကုန်ကူးဖို့ ပြင်နေတဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ညီနောင်မဟာမိတ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့က တွေ့ရှိပြီး ဖမ်းဆီးခဲ့ရသေးတယ်လို့ သိရပါတယ်။



