မတ်လ ၁၉ ရက်နေ့ ၀၇၄၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကွန်ဟိန်းမြို့နယ်၊ ဆိုင်းမွန်ကျေးရွာအနီး၊ ကွန်ဟိန်း - ခိုလမ်သွားကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် စိုင်းလိန်ခမ်း မောင်းနှင်ပြီး စိုင်းဆိုင်ဝမ်း လိုက်ပါလာသည့် TOYOTA PROBOX အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူဘလောက်တုံး ၂၀၀ တုံး၊ အလေးချိန် ၇၀ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၈,၄၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၁၃၀ အချိန် အဆိုပါ ဘိန်းဖြူဘလောက်တုံးများ သယ်ဆောင်ခိုင်းသူ စိုင်းခမ်းရွက်(ခ)စိုင်းရွက် အား ၎င်းနေထိုင်သည့် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ရပ်ကွက်(၅)ရှိနေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စိုင်းလိန်ခမ်း(၂၃)နှစ်၊ စိုင်းဆိုင်ဝမ်း(၂၆)နှစ် နှင့် စိုင်းခမ်းရွက်(ခ)စိုင်းရွက်(၃၁)နှစ်တို့အား ကွန်ဟိန်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းသိရပါသည်။



