ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ ဘုရာဖူးလာသူများအတွက် ဝန်ဆောင်မှုပေးနေသော တောင်တက်မော်တော်ယာဉ် များတွင် ယာဉ်စီးခကို ယနေ့(မတ်လ ၂၃ ရက်) မှ စတင်ကာ စျေးနှုန်းများတိုးမြှင့်ပြောင်းလဲ၍ သတ်မှတ်လာကြောင်း ဘုရားဖူးဧည့်သည်များထံမှ သိရသည်။တောင်ခြေကင်မွန်းစခန်းဂိတ်တွင်ရှိနေသည့် တောင်တက်မော်တော်ယာဉ်အသင်း ဂိတ်မှူးတစ်ဦးကလည်း ယနေ့မှစတင်ကာ ယာဉ်စီးခနှုန်းထားသစ်ကို ပြောင်းလဲသတ်မှတ်ထားခြင်းဖြစ်သည်ဟု အတည်ပြုထားသလို ယင်းကဲ့သို့သော ပြောင်းလဲလိုက်သည့်နှုန်းထားကို ဘုရားဖူးများသိရှိနိုင်ရန် ဗီနိုင်းများဖြင့်ချိတ်ဆွဲ၍ ဖော်ပြပေးထားမည်ဟု ဆိုထားသည်။ထိုတောင်တက်မော်တော်ယာဉ်များတွင် ယာဉ်စီးနင်းခမှ ကင်မွန်းစခန်းမှ ရင်ပြင်တော်ခရီးအတွက် တစ်ဦးလျှင် ယခင် ၂၀၂၄ ခုနှစ်အရှေ့ပိုင်းက နောက်ခန်း ၄၀၀၀ ကျပ်၊ ရှေ့ခေါင်းခန်း ၅၀၀၀ ကျပ်၊ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၆ ရက်မှစတင်ပြီး နောက်ခန်း ၇၀၀၀ ကျပ်၊ ရှေ့ခေါင်းခန်း ၉၀၀၀ ကျပ်အဖြစ် ပြောင်းလဲတိုးမြှင့်လာကြောင်း၊ ယင်းနှုန်းထားမှ ယနေ့(မတ်လ ၂၃ ရက်)တွင် နောက်ခန်း ၉၀၀၀ ကျပ်၊ ရှေ့ခေါင်းခန်း ၁၁၀၀၀ ကျပ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သိရသည်။လက်ရှိတွင် ဘုရားပွဲတော်ကာလအဖြစ်သတ်မှတ်ထားသော ကာလမျိုးလည်းပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူများလည်းရှိကြကြောင်း၊ ယခုလိုဘုရားပွဲတော်ကာလတွင် တောင်တက်မော်ယာဉ်ပေါင်း စီးရေ ၁၅၀ လောက်ဖြင့် ပြေးဆွဲနေကြောင်း၊ ဘုရားပွဲတော်ကာလကို လာမည့် ကဆုန်လပြည့်နေ့အထိ သတ်မှတ်ထားကြောင်းလည်း သိရသည်။



