လက်ရှိ ပြည်တွင်းစားဆီစျေးကွက်မှာ နေရာဒေသအပေါ်လိုက်ပြီး စားအုန်းဆီစျေးနူန်းက တပိဿာကို ၁၂၅၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ စျေးပေါက်နေတဲ့အပြင် ဝယ်ယူရခက်ခဲတဲ့ အခြေအနေတွေပါ ဖြစ်နေတယ်လို့ သိရပါတယ်။ အလားတူ မြေပဲဆီကလည်း တပိဿာကို ၁၉၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်အထိ စျေးပေါက်နေပြီး ဆီကြိတ်ခွဲနိုင်မှု နည်းတဲ့အတွက် စျေးကွက်အတွင်း ဆီကိုထိန်းပြီးရောင်းနေရတယ်လို့ သိရပါတယ်။ လက်ရှိ စျေးကွက်အတွင်းမှာ မြေပဲဆံက လက်ကျန်နည်းလာခြင်း ၊ တောင်သူတွေကိုယ်တိုင် တနိုင်တပိုင် မြေပဲဆီကြိတ်ရောင်းချသူများလာခြင်းကြောင့် စျေးကွက်ထဲမှာ မြေပဲဆံ အရောင်းအဝယ်အေးလာတဲ့အတွက် ဆီစက်ပိုင်တွေအနေနဲ့ ဆီကြိတ်ခွဲမှုလျော့ကျလာပြီး ဆီစျေးမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ စားအုန်းဆီကတော့ ပြည်ကနေ တင်သွင်းမှူ ပမာဏလျော့ကျသွားတဲ့အတွက် ပြည်တွင်းမှာ ဆီခွဲတမ်းချမှုနည်းသွားပြီး စျေးကွက်အတွင်းမှာ ဆီလိုအပ်ချက်များလာပြီး စျေးမြင့်တက်ကာ ဝယ်ယူလို့မရတဲ့အထိ ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။



