ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်က ဒေသတချို့မှာ နှစ်ရှည် ရွှေတူးဖော်တွေကြောင့် ရေအရင်းအမြစ် ပျက်စီးလာပြီး လယ်လုပ်ဖို့ခက်လာတာကြောင့် လယ်ယာအလုပ်ကို စွန့်လွှတ်သူတွေ များလာတယ်လို့ သိရပါတယ်။ပန်ကိုင်၊ တီးမနဲ့အနီးတဝိုက်၊ ပန်ကိုင်တောင်ကြောတလျှောက်နဲ့ မုန်းလောင်းချောင်း အထက်ပိုင်းတကြောမှာ ရွှေတူးဖော်တာ များလာပြီး မြေစာပုံတွေဟာ လယ်နဲ့ ရေမြောင်းတွေအတွင်း ဝင်ရောက်လာတာကြောင့် လယ်ယာလုပ်ငန်းကို ဆက်မလုပ်နိုင်တော့တဲ့အထိ ထိခိုက်လာပြီး သစ်တောလည်း ပြုန်းတီးသွားတာပါ။ဒေသခံတယောက်က “ရေ ညစ်ပတ်ကုန်တာ။ မြေနီတွေ ဝင်ကုန်တာ။ အဲဒါတွေတင်မကဘူး။ နေရာအနှံ့မှာ တူးပစ်လိုက်တော့ ရေလည်း အရမ်းလျော့သွားတယ်။ ရေ နည်းသွားတယ်” လို့ ပြောပါတယ်။ရွှေတူးဖော်ရာက ထွက်လာတဲ့ မြေစာတွေ လယ်ယာမြေတွေထဲ ဝင်ရောက်ဖုံးလွှမ်းလာတာကြောင့် အရင်ကလို အထွက်နှုန်းမရတော့ဘဲ လယ်သမား အများအပြားဟာ လယ်ယာလုပ်ငန်း စွန့်လွှတ်လာကြတယ်လို့ ဆိုပါတယ်။



