ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် - မြန်မာ နယ်စပ်၊ မူဆယ်မှာ ပြီးခဲ့တဲ့ သုံးရက် ခန့်ကစ တရုတ်ငွေ ၁၀၀ ယွမ်ကို မြန်မာငွေ ၆၀၀၀၀ ကျော်အထိ ဈေးတက်လာတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ တရုတ်ငွေဈေးတက်လာတာကြောင့် တရုတ်ငွေနဲ့ ဝယ်ပြီး မြန်မာငွေနဲ့ ပြန်ရောင်းရတာရှိသလို မြန်မာငွေနဲ့ ရောင်း ဝယ်မယ် ဆိုရင်လည်း တရုတ်ငွေဈေးနဲ့တွက်ပြီး ဝယ်ယူရောင်းချရတာကြောင့် တရုတ်ငွေလဲလှယ်နှုန်း ပေါ်မူတည်နေပြီး ငွေဈေး မငြိမ်ရင် ရောင်းဝယ်တာမှာ ပိုခက်ခဲတယ်လို့ သူက ပြောပါတယ်။ တရုတ်ငွေဈေးကတော့ ယမန်နေ့ မတ်လ ၂၁ ရက်နေ့ ညနေပိုင်း ကနေ ဒီကနေ့ မတ်လ ၂၂ ရက်နေ့ မနက်ပိုင်းအထိ တရုတ်ငွေ ယွမ် ၁၀၀ ကို မြန်မာငွေ ၆၁,၆၀၀ အထိတက်လာပြီး ဒီကနေ့ မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်မှာတော့ တရုတ်ငွေ ယွမ် ၁၀၀ ကို Kpay ထဲထည့်ယူရင် မြန်မာငွေ ၆၁၂၀၀ ကျပ်၊ ငွေသား ယူရင် တရုတ်ငွေ ယွမ် ၁၀၀ ကို ၆၁၀၀၀ ကျပ် ရပါတယ်။ မြန်မာငွေ ကနေ တရုတ်ငွေ လဲယူမယ်ဆိုရင်တော့ မြန်မာငွေ ကျပ် ၁၀၀,၀၀၀ ကို တရုတ်ငွေ ၁၆၁ ယွမ် သာရပါတယ်။



