တနင်္သာရီမြို့နယ်၊ သိန္ဓောရွာတွင် ခဲတူးဖော်နေသည့် စက်များ ဒီဇယ်များစျေးတက်လာ၍ ရပ်ထားရကြောင်း ဒေသခံများနှင့် ခဲတူးဖော်နေသည့်သူများထံမှ သိရသည်။ဒီဇယ်ဆီ ဝယ်၍ရသော်လည်း စျေးကြီးသဖြင့် အလုပ်ရပ်နားထားခြင်းဖြစ်ပြီး ဆီစျေးအခြေအနေကို စောင့်ကြည့်ပြီးမှသာ ပြန်လည်လုပ်ကိုင်မည် ဖြစ်ကြောင်း ခဲလုပ်သားတစ်ဦးက ဆိုသည်။“ဆီတွေက စျေးတက်လည်း ဝယ်ဖို့ရှိတယ်။ စျေးကြီးလို့ နားထားတယ်။ သုံးလေးရက်ဖြစ်ပြီ နားနေတာ။စျေးခြေနေကို စောင့်ကြည့်နေတယ်”ဟု ၎င်းက ပြောသည်။ခဲတစ်ပိဿာမှာ တစ်သိန်းကျပ်ဝန်းကျင်သာရသဖြင့် ယခုဒီဇယ်စျေးဖြင့် ဆက်လုပ်ပါက အရှုံးပေါ်နိုင်၍ ရပ်ထားခြင်းဖြစ်ကြောင်း စက်တူးသမားတစ်ဦးက ဆိုသည်။ဒီဇယ် တစ်ပီပါကို ယခင်က ကျပ်ခြောက်သိန်းခွဲသာ ပေးရသော်လည်း လက်ရှိတွင် တစ်ပီပါ ကျပ် ၁၄ သိန်းမှ ၁၈ သိန်း ဝန်းကျင်ဖြင့် တက်လိုက်၊ကျလိုက်ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။သိန္ဓောရွာခဲလုပ်ကွက်များတွင် စက်ဖြင့် တူးဖော်သူများ၊ လက်ဖြင့် တူးဖော်သူများနှင့် တောင်ပေါ်တွင် ကျောက်ထုသူများရှိသည်။ဒီဇယ်စျေးတက်လာသဖြင့် စက်ဖြင့်လုပ်ကိုင်သူများရပ်သွားသော်လည်း လက်ဖြင့်လုပ်ကိုင်သူများမှာ ဆက်လက်လုပ်ကိုင်နေကြကြောင်း ၄င်းက ဆိုသည်။
Mar 22 • 1:35 AM
Myanmar
Tanintharyi
Share
| 7 | 0 | 0 | 0 |


