အရှေ့အလယ်ပိုင်းသို့ မရိမ်းတပ်ဖွဲ့များကို အမေရိကန်စစ်တပ်က ထပ်မံစေလွှတ်နေသည်ဟု အမေရိကန် အရာရှိကြီးများက ရိုက်တာသတင်းဌာနကို ပြောကြားချိန်မှာပင် အီရန်နိုင်ငံအပေါ် လေကြောင်းထိုးစစ်များ လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးက ဆိုသည်။ကမ်းတက်တိုက်ခိုက်ရေးရေယာဉ် USS Boxer နှင့်အတူလိုက်ပါမည့် စစ်သင်္ဘောများနှင့် မရိန်းတပ်ဖွဲ့ဝင် ၂၅၀၀ ကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်သွားမည် ဖြစ်ကြောင်း အမေရိကန်အရာရှိကြီး ၃ ဦးက ရိုက်တာသတင်းဌာနကို ပြောကြားသော်လည်း ၎င်းတပ်ဖွဲ့များ၏ အခန်းကဏ္ဍကိုမူ မဖွင့်ဟပေ။မရိန်းတပ်ဖွဲ့များအား အီရန်နိုင်ငံထဲသို့ စေလွှတ်သွားမည်လားဆိုခြင်းကို မဆုံးဖြတ်ရသေးကြောင်း အရာရှိကြီး ၂ ဦးက ပြောကြားပြီး ဖြစ်နိုင်ခြေရှိသော ပစ်မှတ်များတွင် အီရန်ရေနံလုပ်ငန်း၏ အချက်အခြာနေရာ ခါ့ဂ်ကျွန်းလည်း ပါဝင်နိုင်ကြောင်းသိရသည်။ကြီးမားသော မြေပြင်ထိုးစစ် ဆင်နွှဲရန် အမေရိကန်တပ်ဖွဲ့များကို ဒေါ်နယ်ထရမ့်က အမိန့်ပေးသွားနိုင်သည်ဟု အမေရိကန်နိုင်ငံသား ၃ ပုံ၊ ၂ ပုံ က ယုံကြည်နေကြကြောင်း Reuters/Ipsos စစ်တမ်းသစ်တစ်ခုက ပြသခဲ့ပြီး ထိုသို့ မြေပြင်စစ်ဆင်နွဲရေးကို လူ ၇ ရာခိုင်နှုန်းကသာ ထောက်ခံကြောင်းလည်း တွေ့ရှိခဲ့သည်။ထိုအတောအတွင်းမှာပင် အီရန်မြို့တော် တီဟီရန်နှင့် နိုင်ငံအလယ်ပိုင်းမှ လက်နက်ထုတ်လုပ်ရေးစခန်းများ၊ ဒုံးပစ်စင်သိုလှောင်သော စခန်းများအား ပစ်မှတ်ထား၍ ကြီးမားသော လေကြောင်း စစ်ဆင်ရေး ၂ ကြိမ် လုပ်ဆောင်ခဲ့သည်ဟု အစ္စရေးစစ်တပ်က မတ်လ ၂၀ ရက်နေ့က ပြောသည်။တစ်ဖက်တွင်လည်း အီရန်က အစ္စရေးကို ဒုံးကျည်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး တဲလ်အဗစ်နှင့် ဂျေရုဆလင်မြို့တို့တွင် လေကြောင်းတိုက်ခိုက်မှု ဥဩသံများ ဆူညံသွားခဲ့ကာ ကြားဖြတ်ပစ်ချမှုမှ ပေါက်ကွဲသံများကိုလည်း ကြားခဲ့ရသည်။အီရန်နှင့် အိမ်နီးချင်းနိုင်ငံများမှ အရေးပါသော ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များ၊ စက်ရုံများ တိုက်ခိုက်ခံရမှုကြောင့် ရေနံစိမ်းဈေးနှုန်းများသည် စစ်ပွဲစတင်ပြီးနောက် ၅၀ ရာခိုင်နှုန်း ဈေးနှုန်းမြင့်သွားခဲ့သည်။



