မြန်မာပြည်တွင်းမှာ လတ်တလော စက်သုံးဆီရှားပါးပြတ်လပ်နေတဲ့ အကျပ်အတည်းမှာ စက်သုံးဆီ ခွဲတမ်း မရလို့ မိုးရာသီ စိုက်ဧက ၃၆ သန်းကျော်အတွက် စက်သုံးဆီပြင်ဆင်ထားဖို့ တောင်သူ လယ်သမားတွေက သတိပေးပြောပါတယ်။စက်သုံးဆီပြဿနာဖြစ်တိုင်း လယ်သမားတွေအတွက် ခွဲတမ်း သီးသန့်စီစဉ်ပေးလေ့ မရှိတဲ့အတွက် အခုတခေါက် စက်သုံးဆီအကျပ်အတည်းမှာတော့ လာမဲ့ ၂၀၂၆ မိုးရာသီ၊ သီးနှံစိုက်ပျိုးချိန်မှာ စက်သုံးဆီ ရဖို့ လိုအပ်နေတာပါ။လတ်တလော တနိုင်ငံလုံးမှာ ဒေသနဲ့ သီးနှံအမျိုးအစားအလိုက် ဆောင်းသီးနှံတွေ ရိတ်သိမ်းချိန် ဖြစ်ပြီး သီးနှံရိတ်သိမ်းကာ စက်သုံးဆီစုဆောင်းလေ့ရှိတာမို့ အခုလို စက်သုံးဆီတွေ ဝယ်မရ ဖြစ်နေချိန်မှာ လယ်သမားတွေက တောင်းဆိုလာကြတာဖြစ်ပါတယ်။ လက်ရှိပဲအထွက်နှုန်းကျလို့ စိတ်ဆင်းရသလို လာမဲ့ မိုးစပါးအချိန်မှာလည်း မြေတွေ လှပ်ထား ရမှာစိုးတယ်လို့ စပါး၊ ပဲ တောင်သူ တယောက်က ပြောပါတယ်။ဒါ့အပြင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီစတဲ့ဒေသတွေမှာ လယ်တွေကို လှပ်မထားဖို့ ဆိုင်းဘုတ်အနီတွေနဲ့ သတိပေးထားတာဖြစ်လို့ သီးနှံဈေးရှုံးပြီး စက်သုံးဆီ မရတဲ့အခြေနေမှာ လယ်တွေကို လှပ်ထား ပြန်ရင်လည်း မိရိုးဖလာအစဉ်ဆက်လုပ်ကိုင်ခဲ့တဲ့ ဓားမဦးချလယ်တွေ အသိမ်းခံရမှာကိုလည်း တောင်သူတွေ စိုးရိမ်နေကြပါတယ်။



