ယခုနောက်ပိုင်း ရန်ကုန်အပါအဝင် မြို့ကြီးသုံးခု၌ Application အသုံးပြု၍ စက်သုံးဆီရောင်းချလာရာတွင် နံပါတ်ပွားစီးလာသော ယာဉ်များပေါ်ထွက်လာပြီး ယာဉ်ပိုင်ရှင်များကြား၌ပြဿနာများကြုံလာရကြောင်း စက်သုံးဆီအရောင်းဆိုင်များနှင့် ယာဉ်ပိုင်ရှင်များကြားမှ သိရှိရသည်။အဆိုပါစနစ်မှာ Wheel Tax တွင်ပါရှိသော Barcode ကို ဆီဆိုင်ဝန်ထမ်းများက Scan ဖတ်၍ အလိုအလျောက်စစ်ဆေးပြီး ယာဉ်တစ်စီးအနေဖြင့် တစ်ရက်လျှင် စက်သုံးဆီတစ်ကြိမ်သာ ဝယ်ယူခွင့်ပြုသောစနစ်မျိုးလည်းဖြစ်ကြောင်း၊ ထိုသို့ Scan ဖတ်ရာတွင် ပွားစီးထားသောယာဉ်ကိစ္စကြုံလာကြခြင်းလည်းဖြစ်သည်ဟု ဆိုကြသည်။“ရန်ကုန်မှာ နံပါတ်တူကား ဆီမဖြည့်ပေးဘူး၊ ကိုယ်သွားဖြည့်တော့ ကိုယ့်နံပါတ်နဲ့ဖြည့်သွားပြီးပြီတဲ့၊ အဲဒီလိုတွေကြုံလာတော့ ဆီဆိုင်ဘက်ကိုပြောတာ သူတို့ရှင်းပေးလို့မရဘူး၊ ကညနမှာသွားရှင်းတဲ့၊ ဟိုဌာနဒီဌာနလွှဲနေတာနဲ့ နောက်ဆုံး စိတ်မရှည်တော့လို့ နောက်နေ့ မနက်အစောကြီးကတည်းက တန်းစီပြီး ကိုယ်နဲ့နံပါတ်တူကားထက် စောအောင်ဆီဝင်ဖြည့်ခဲ့ရတယ်”ဟု ကိုယ်တိုင်ကြုံသူတစ်ဦးက ပြောကြားသည်။ထိုကဲ့သို့သော အလားတူကြုံသူများလည်းရှိနေပြီး သက်ဆိုင်ရာသို့တိုင်ကြားထားသူများရှိသော်လည်း နံပါတ်ပွားစီးနေသူများမှ ဆီလာမထုတ်သွားခင် ၎င်းတို့ထက်စောအောင် ဆီထုတ်ယူကြရသော အခြေအနေမျိုးဖြစ်လာခဲ့သည်။ယခုလိုအချိန်တွင် လိုင်စင်မဲ့ယာဉ်များနှင့် နံပါတ်ပွားစီးနေသောယာဉ်များကို ဖော်ထုတ်ရန် အလားလာကောင်းသော အခြေအနေမျိုးရှိသည့်ကာလမျိုးလည်းဖြစ်ကြောင်း ယာဉ်ပိုင်ရှင်အများစုက ပြောဆိုနေကြကြောင်း သိရသည်။



