ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်တွင် ပြေးဆွဲနေသည့် အငှားယာဉ် (တက္ကစီ) များသည် စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံတွေ့နေရသဖြင့် ယာဉ်မောင်းအများအပြား လုပ်ငန်းရပ်နားလာကြကြောင်း သုဝဏ္ဏဘူမိတက္ကစီညှိနှိုင်းရေးအသင်းဥက္ကဋ္ဌက မတ်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ လက်ရှိတွင် လေဆိပ်၌ အသင်းဝင်ယာဉ် ၅,၀၀၀ ကျော်ရှိသော်လည်း ဆီဝယ်ယူရန် ခက်ခဲမှုကြောင့် ယာဉ်အစီးရေ ၂,၅၀၀ ခန့်သာ ပုံမှန်ပြေးဆွဲနိုင်တော့ပြီး ယာဉ်မောင်းများသည် ခရီးစဉ်အလယ်တွင် ဆီပြတ်သွားမည်ကို စိုးရိမ်သဖြင့် ခရီးဝေးသွားမည့်သူများကို တင်ဆောင်ရန် ငြင်းဆန်ခြင်းနှင့် ခရီးတိုများကိုသာ ရွေးချယ်ပြေးဆွဲခြင်းများ ရှိနေသည်။ ယခုပြဿနာမှာ ဆီဈေးနှုန်းကြောင့်မဟုတ်ဘဲ ဆီပြတ်လပ်၍ ဝယ်မရခြင်းဖြစ်ကာ အသင်းအနေဖြင့် အစိုးရသစ်တက်လာချိန်တွင် ကူညီပေးရန် တင်ပြသွားမည်ဖြစ်ပြီး ယာဉ်စီးခကောက်ခံမှုကိုလည်း မီတာစနစ်အစား App အသုံးပြုသည့်စနစ်သို့ ပြောင်းလဲရန် အဆိုပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။



