လတ်တလော လောင်စာဆီပြတ်လပ်မှု ဂယက်ကြောင့် ထိုင်းနိုင်ငံ နေရာအနှံ့အပြားက ဓာတ်ဆီဆိုင်တွေမှာ ဆီပြတ်တာ၊ ဆီကားကို အကြာကြီး စောင့်ရတာတွေ ဖြစ်ပေါ်နေပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် ပြည်သူတွေဟာ ဆီသွားဖြည့်တဲ့အခါ ဆိုင်မှာ ဆီရှိ၊ မရှိ မသိရတဲ့အတွက် အလကား အချိန်ကုန် လူပန်း ဖြစ်နေရပါတယ်။ဒီလို စိတ်ပျက်စရာ အခက်အခဲကို ဖြေရှင်းပေးနိုင်ဖို့ Lamphun ပြည်နယ်က ဆီဆိုင်တွေရဲ့ ဆီ လက်ကျန်အခြေအနေကို အလွယ်တကူ ကြည့်နိုင်မယ့် ဝက်ဘ်ဆိုက် တစ်ခုကို ဖန်တီးပေးလိုက်ပါတယ်။ ဒီအစီအစဉ်ကြောင့် ပြည်သူတွေအနေနဲ့ ဆီရှိတဲ့ဆိုင်ကို လမ်းတကာလှည့်ရှာရတဲ့ ဒုက္ခကနေ ကင်းဝေးသွားစေမှာ ဖြစ်ပါတယ်။Lamphun ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့ရဲ့ ဥက္ကဋ္ဌ Weeradet Phuphisit က ပြည်နယ် စွမ်းအင်ရုံးအနေနဲ့ လောင်စာဆီ အခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နိုင်မယ့် ဝက်ဘ်ဆိုက်တစ်ခုကို လွှင့်တင်လိုက်ပြီလို့ အသိပေး ကြေညာခဲ့ပါတယ်။
အဲဒီ ဝက်ဘ်ဆိုက်ကနေတစ်ဆင့် ပြည်နယ်အတွင်းက မြို့နယ်နဲ့ ဒေသအလိုက် ဘယ်ဆီဆိုင်တွေမှာ ဆီဘယ်လောက် ကျန်သေးလဲဆိုတာကို ဝင်ရောက်စစ်ဆေးနိုင်ပါတယ်။ ဒါ့အပြင် ဆိုင်တစ်ဆိုင်ချင်းစီရဲ့ ဆီအမျိုးအစား လက်ကျန်၊ ဆီကားတွေ လာနေတဲ့ အခြေအနေနဲ့ ဆီပို့ဖို့ နောက်ကျနေတာမျိုးတွေ ရှိ၊ မရှိ စတဲ့ အချက်အလက်တွေကိုပါ အိမ်ကနေ ကြိုတင် သိရှိနိုင်မှာ ဖြစ်ပါတယ်။



