ထိုင်းနိုင်ငံတောင်ပိုင်း၊ နရာသီဝပ်ခရိုင်၊ ဘာဂျောမြို့နယ်ရှိ ပရာချာချက်ပါတီ (Prachachat Party) မှ လွှတ်တော်အမတ် ကမွန်ဆပ် လီဝါမော့ (Mr. Kamolsak Leewamoh) ၏ နေအိမ်ရှေ့တွင် ယနေ့ မတ်လ ၂၀ ရက်၊ နံနက်အစောပိုင်း ၁ နာရီ ၉ မိနစ်ခန့်က ခြုံခိုပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။အဆိုပါပစ်ခတ်မှုသည် ဘာဂျောမြို့နယ်၊ ဘန်စုံပွိုင်ကျေးရွာရှိ အမတ်၏နေအိမ်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားချိန်တွင် လွှတ်တော်အမတ် စီးနင်းလာသည့်ကားသည် နေအိမ်အတွင်းသို့ အဝင်တွင် အဖြူရောင် တံခါး ၄ ပေါက်ပါ ပစ်ကပ်ကားတစ်စီးဖြင့် ရောက်ရှိလာသော အမည်မသိ လက်နက်ကိုင်များက လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း CCTV မှတ်တမ်းများအရ သိရသည်။ပစ်ခတ်မှုအတွင်း ကားအတွင်း လိုက်ပါလာသည့် အသက် ၄၄ နှစ်အရွယ် ဟာရီရတ် (Mr. Harirak) နှင့် အသက် ၅၄ နှစ်အရွယ် ရုစလန် (Mr. Ruslan) တို့ နှစ်ဦးစလုံး သေနတ်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ ၎င်းတို့သည် ကားမောင်းသူနှင့် အမတ်၏ လုံခြုံရေးနောက်လိုက်များ ဖြစ်ကြသည်။လွှတ်တော်အမတ် ကမွန်ဆပ်မှာမူ ပစ်ခတ်မှုဖြစ်ပွားချိန်တွင် ကားအတွင်း ချက်ချင်း ငုံ့ရှောင်နိုင်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ဘေးကင်းလွတ်မြောက်ခဲ့သည်။သေနတ်သမားများသည် ပစ်ခတ်ပြီးနောက် ကားဖြင့် အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးသွားကြသည်။ လက်ရှိတွင် ဒဏ်ရာရရှိသူ နှစ်ဦးကို ဘာဂျောဆေးရုံသို့ ပို့ဆောင်ထားပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ 
Mar 20 • 1:40 AM
Thailand
Local News
Share
| 18 | 0 | 0 | 0 |


