ဆဋ္ဌမအကြိမ်မြောက် တရုတ် နိုင်ငံတကာ စားသုံးသူထုတ်ကုန် ကုန်စည်ပြပွဲ (CICPE) ကို တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်၏ မြို့တော်ဟိုင်ခိုတွင် ဧပြီ ၁၃ ရက်မှ ၁၈ ရက်အထိ ကျင်းပရန် စီစဉ်ထားကြောင်း မတ် ၁၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအရ သိရသည်။အဆိုပါကုန်စည်ပြပွဲကို တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဟိုင်နန်ပြည်နယ်အစိုးရတို့က ပူးတွဲကျင်းပခြင်းဖြစ်ပြီး ဟိုင်နန် လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်းက အထူးအကောက်ခွန်လုပ်ငန်းများအား ဟိုင်နန်ကျွန်း တစ်ကျွန်းလုံးအတိုင်းအတာဖြင့် အပြည့်အဝစတင်ချိန်မှစ၍ ပထမဆုံးအကြိမ် ကျင်းပခြင်းလည်း ဖြစ်သည်။ ယခုနှစ်ကုန်စည်ပြပွဲတွင် ကနေဒါနိုင်ငံက ဂုဏ်ထူးဆောင်ဧည့်နိုင်ငံအဖြစ် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ယခုနှစ်ကုန်စည်ပြပွဲ၏ အဓိကကျင်းပရာနေရာအဖြစ် ဟိုင်နန် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာကပင် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။ အဆိုပါကုန်စည်ပြပွဲတွင် သီးသန့်နေရာခွဲနှစ်ခုလည်း ပါဝင်မည်ဖြစ်ပြီး ဆန်းရမြို့ရှိ နိုင်ငံတကာရွက်လှေပြပွဲဧရိယာနှင့် Bo'ao Lecheng နိုင်ငံတကာ ဆေးဘက်ဆိုင်ရာခရီးသွားလုပ်ငန်း စမ်းသပ်ဇုန်ရှိ နိုင်ငံတကာကျန်းမာရေးသုံးစွဲမှုပြပွဲဧရိယာတို့ဖြစ်သည်။



