နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် ခန္ဓာကိုယ် အတွင်းရှိ ရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှု ပိုမိုများပြားပြီး အပူဒဏ်အန္တရာယ်ကြောင့် မိတ်နှင့် ယားဖုများထွက်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ပွားနိုင်သည့်အပြင် ပြင်းထန်စွာခံစားရပါက အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားသည်။နှလုံးရောဂါ၊ သွေးတိုးရောဂါစသည့် နာတာရှည်ရောဂါအခံရှိသူ၊ ကလေးသူငယ်များ၊ သက်ကြီးပုဂ္ဂိုလ်များနှင့် ဆီးချိုရောဂါ၊ များအနေဖြင့် နေ့လယ်၊ နေ့ခင်းအချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသောနေရာများတွင် နားနေရန် ဖော်ပြထားသည်။ထို့ပြင် အလင်းပြန်သောအဖြူရောင် သို့မဟုတ် အရောင်ဖျော့သော ပွပွချောင်ချောင်ချည်ထည်များကို ဝတ်ဆင်ရန်၊ နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်းနှင့် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွပ်ခြင်း၊ ရေချိုးခြင်းစသည်တို့ကို ရှောင်ကြဉ်ရန်လည်း ထုတ်ပြန်ထားသည်။ပူပြင်းသောနေရောင်အောက်တွင် အလွန်အေးသောအခန်းနှင့် ကားအတွင်းမှ ပူပြင်းသောနေရောင်ထဲသို့ ချက်ချင်းထွက်ခြင်းနှင့် အလွန်အေးသောအခန်းနှင့် ကားအတွင်းသို့ ချက်ချင်းဝင်ရောက် ခြင်းတို့ကို ရှောင်ကြဉ်ရန်၊ ရေနှင့်ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးရန်လည်း တိုက်တွန်းထားသည်။



